ချေးယူထားသည့် ဘတ် ၅၀၀၀ ကို ပြန်မပေးသည့်ကိစ္စကြောင့် စကားများရာက ဓားဖြင့်ထိုးသတ်သည်ထိ ဖြစ်ခဲ့ဟု ကျူးလွန်သူက ထွက်ဆို

၁၁.၃.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်၊ လန်တာဆောင်ကျေးရွာတွင် ယမန်နေ့ မတ်လ ၁၀ ရက်က မြန်မာအမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူအမျိုးသမီးမှာ အသက် ၃၀ ခန့်အရွယ် မရှားရှားဆိုသူ ဖြစ်ပြီး အလောင်းတွင် ဓားဒဏ်ရာ ၅ ချက် တွေ့ရကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုထားကြောင်း သိရသည်။
ယင်းအလောင်းကို အယုဒ္ဓခရိုင်၊ ဝမ်နွဲ့မြို့နယ်၊ လန်တာဆောင်ကျေးရွာအနီးရှိ ရေကန်တစ်ခုတွင် ဆိုင်ကယ်တစ်စီး ပြုတ်ကျနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်ကို ရေကန်အတွင်းမှတွေ့ကာ ဆိုင်ကယ်ပိုင်ရှင် မရှားရှား၏ ရုပ်အလောင်းကို ကျူပင်တောထဲမှ တွေ့ခဲ့ကြောင်း သိရသည်။

ယင်း မရှားရှား ဆိုသူမှာ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ် ကြောင်း၊ ယမန်နေ့ မတ်လ ၁၀ ရက်တွင် မြန်မာအလုပ်သမား ပိုင်အောင်ချစ် ဆိုသူထံ သွားရောက် တွေ့ဆုံခဲ့ကာ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေသောကြောင့် ထိုင်းရဲတပ်ဖွဲ့က ပိုင်အောင်ချစ်အား ခေါ်ယူ စစ်ဆေး မေးမြန်းမှုများပြုလုပ်စဉ် လူသတ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်း မြန်မာအလုပ်သမား အသက် ၂၃ နှစ်အရွယ် ပိုင်အောင်ချစ်က မရှားရှား အနေဖြင့် ၎င်းထံမှ ချေးယူ ထားသည့် ဘတ် ၅၀၀၀ ပြန်မပေးကြောင်း၊ ယင်းကြောင့် စကားများရန်ဖြစ်ရာမှ ဓားနှင့်ထိုးသတ်ပြီး အလောင်းကို ရေကန်ထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က မြန်မာအလုပ်သမား ပိုင်အောင်ချစ်ကို ဖမ်းဆီးထိန်းသိမ်းထားကာ လူသတ်မှုဖြင့် ဥပဒေအရ အပြစ်ပေးမည်ဖြစ်ကြောင်း သိရသည်။