
၁၁. ၂. ၂၀၂၅
Written by Nyein Kyaw
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော် (၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ ပထမနေ့တွင် သာသနာနွယ်ဝင် သီလရှင်အပါး ၁,၀၀၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆေးနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတောင်ရိုးတွင် ဝိပဿနာတရားများ ပွားများအားထုတ်လျက်ရှိကြသည့် သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး/ဆရာလေးများက ကျောင်းတိုက်များအလိုက် စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူကြသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် အလှူခံကြွရောက်လာကြသည့် ဆရာကြီး/ဆရာလေးများက ကောင်းမှုကုသိုလ်များအတွက် မေတ္တာပို့အမျှပေးဝေကြသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော် အိတ် ၁,၀၀၀ ၊ ဆီ ပိဿာ ၂,၀၀၀ ပိဿာ၊ ပဲတစ်ပြည်ဝင်အိတ် ၁,၀၀၀ နှင့် လှူဖွယ်ပစ္စည်းများအား စစ်ကိုင်းတောင်ရိုးရှိ သီလရှင်စာသင်တိုက်များမှ သာသနာ နွယ်ဝင်သီလရှင် ဆရာကြီး/ဆရာလေးများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။