
၁၁. ၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်မှအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအပေါ် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။