




၁၁.၃.၂၀၂၅
Written By Thandar
Weflex Production က ပွဲဦးထွက် ရိုက်ကူးတင်ဆက်တဲ့ သရဲဟာသ ဇာတ်လမ်းပုံစံ “အိမ်မြှောင်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“အိမ်မြှောင်ဇာတ်ကားလေးက ကျွန်တော်နဲ့ Weflex ထုတ်လုပ်ရေးတို့ ပထမဆုံး ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားပုံစံ သရဲဟာသကားပုံစံလေးကိုမှ ထူးခြားမှုလေးတွေ ပါပါတယ်။ ထိတ်လန့် စရာလေးကတော့ လျှို့ဝှက်ထားချင်ပါသေးတယ်။ ဒီကားမှာ မေလေး@မေမြင့်မိုရ်လည်းပါသလို ပရိသတ် တွဲဖက် မမြင်သေးတဲ့ ကိုကြံ့@ကျော်ကျော်ဗိုနဲ့လည်း တွဲဖက်ရိုက်ကူးထားတာပါ။ ကျွန်တော် ဇာတ်ကားနဲ့ ပတ်သက်ပြီး အကောင်းဆုံးကြိုးစားရိုက်ကူးထားပါတယ်”လို့ ဒါရိုက်တာ သားညီက ပြောပါတယ်။
ဇာတ်ညွှန်း မိုရဲ့ လက်ရာကောင်းတစ်ခုဖြစ်တဲ့ “အိမ်မြှောင်” ရုပ်ရှင်ဇာတ်ကားကို မြင်တွေ့နေကြပုံစံမျိုး မဟုတ်ဘဲ ဇာတ်လမ်း၊ ဇာတ်အိမ် ထူးခြားမှုတွေနဲ့ အတူ ဒါရိုက်တာသားညီက ၂၀၂၃ ခုနှစ် မတ်လက ရိုက်ကူးပုံဖော်ခဲ့တာပါ။
သရုပ်ဆောင်အနေနဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီ မေမြင့်မိုရ်၊ ထွန်းပုလဲရတနာ၊ အေမီဈာန် ၊ ဂျိုကာ၊ ကေညီ၊ မိုးညို ၊ ကလေးသရုပ်ဆောင် ဧကရီဇော် စတဲ့သူတွေက ပါဝင်ထားကြတာလည်းဖြစ်ပါတယ်။
“ဒီကားထဲမှာ အေမီ့အနေနဲ့ သေချာလေးကို အကပိုင်းတွေလုပ်ဆောင်ခဲ့ပါတယ်။ ကိုကေညီနဲ့အတူ ကကွက်လေးတွေ သေချာတိုင်ပင်ပြီး လုပ်ခဲ့တာပေါ့နော်။ ဇာတ်လေးမှာပါ၀င်တာလေးက အကြားအမြင်ဆရာမလေးပေါ့နော်။ ပရိသတ်တွေ အကြိုက်တွေ့မလားဆိုတာကတော့ ရုံတင်ပြသရင် ကြည့်ရှုပြီး ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်” လို့ သရုပ်ဆောင် အေမီဈာန်က ပြောပါတယ်။
“အိမ်မြှောင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၁၃ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။