နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်တို့ အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် ၁၁၈ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး ၂ ပါးတို့ ကြွရောက်ချီးမြှင့်




၁၁. ၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် ၁၁၈ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး ၂ ပါးတို့ ကြွရောက်ချီးမြှင့်တော်မူကြသည်။





အခမ်းအနား မစတင်မီ SAC ဥက္ကဋ္ဌက အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော် ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ခဲ့သည်။
ထို့နောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ SAC ဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာ တော်ဘုရားကြီးထံသို့ လည်းကောင်း၊ SAC ဒုဥက္ကဋ္ဌနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံသို့လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့ လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် SAC ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာသူများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတို့အမှူးပြုသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။