
၁၁. ၃. ၂၀၂၅
Written by Nay Moe
ငါ့သရောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာဥ်မောင်းဇနီးမောင်နှံကို PDF ၁၀ ဦးက ဖမ်းဆီးခေါ်ဆောင်ကာ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်မှု ညောင်ဦးမြို့နယ်၊ တောပြားရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခု ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ငါ့သရောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယာဉ်မောင်း ဖြစ်သူ ဦးသန်းလှိုင်(၄၉)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မမ(၄၅)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး တောပြားကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ ယာခင်းသို့ ဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းလှိုင်နှင့် ဒေါ်ခင်မမတို့တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မင်းရဲကျော်စွာရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးလှမင်းဖြိုး(၃၄)နှစ် သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။