၁၈ . ၁. ၂၀၂၃
Written By Thandar
ပန်းချီဆရာကြီး ဦးသန်းကြွယ်ရဲ့ (၈) ကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြိုက Junction City မှာရှိတဲ့ The Artist Gallery မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပန်းချီပြပွဲကိုတော့ ဆရာကြီးရဲ့ အသက် ၇၇ နှစ်ပြည့် မတိုင်ခင်မှာ ပန်းချီ ၇၇ ကား ပြသမှုကို ဇန်နဝါရီ၁၈ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ပထမဆုံးပြန်လည်ပြသတဲ့ ၈ ကြိမ်မြောက် ပန်းချီပြပွဲဖြစ်ပါတယ်။ ဆရာလည်း လာမယ့် မေလဆိုရင် အသက် ၇၇ နှစ် ပြည့်မှာမို့ ၇၇ ကား ပြသဖြစ်တာပါ။ Watercolor၊ Oil Color၊ Acrylic စတာတွေနဲ့ ရေးဆွဲထားပါတယ်။ Not for Sale ပြတဲ့ပန်းချီကားက ဆရာ၂၇ နှစ်သားအရွယ်က ရေးခဲ့တဲ့ကားမို့ မရောင်းတာပါ။ အမှတ်တရအနေနဲ့ပဲ ပြသဖြစ်တယ်။ နှစ် ၅၀ စုထားတဲ့ကားပါ။ ပန်းချီဆရာဘဝကတော့ ပန်းချီဆွဲနေရရင်ပဲ ကျေနပ်ပါတယ်”လို့ ပန်းချီဆရာကြီး ဦးသန်းကြွယ်က ပြောပါတယ်။
ပန်းချီဆရာကြီး ဦးသန်းကြွယ်ဟာ ရှေ့က ပန်းချီဆရာကြီးတွေဖြစ်တဲ့ ဆရာကြီး ဦးချစ်မြဲ၊ ဆရာကြီးဦးအေးကျော်၊ ဆရာကြီး ဦးကံညွှန့်တို့ဆီမှာ ပညာလေ့လာဆည်းပူးခဲ့ပြီးတော့ ၁၉၉၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဆရာရင်းဖြစ်တဲ့ ဦးချစ်မြဲဆီမှာ ဗုဒ္ဓဝင်နိပါတ်တော်ပညာရပ်ကို သင်ယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့ ပန်းချီ ပန်းပုကျောင်းမှာ ပန်းချီနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပါတယ်။
“ကျွန်တော်က ပန်းချီကျောင်းစတက်ကတည်းက ဆရာကြီးက ငယ်ချစ်ပါ။ ဆရာကြီးနဲ့ အခုနောက်ပိုင်း မတွေ့ဖြစ်တာ ၃ နှစ်လောက်ရှိပြီ။ ဆရာ့ရဲ့ပန်းချီလက်ရာတွေကို ကြိုက်တယ်။ ဝယ်လည်း စုဖြစ်တယ်။ ဆရာ ရောက်နေတယ်ဆိုတော့ ဆရာ့ကိုသွားတွေ့ပြီတော့ ပန်းချီပြပွဲလုပ်မလားဆိုတော့ လုပ်မယ်ဆိုပြီး ခန်းမမှာ ပြသဖြစ်တာပါ။ ဆရာက အခုနောက်ပိုင်း သိပ်ပြီးပန်းချီမဆွဲဖြစ်တော့ဘူးဆိုတော့ ကျန်တဲ့သူတွေလည်း ဝယ်စုစေချင်ပါတယ်။ ရိုးရာယဥ်ကျေးမူ နိပါတ်တွေက သိပ်မဆွဲကြတော့ဘူးလေ။ မျိုးဆက်လည်း ပြတ်သွားတယ်လေ။ နိုင်ငံ့ယဉ်ကျေးမူတွေ မပျက်သွားအောင် ဆရာ့ပွဲစီစဉ်ပေးဖြစ်လို့လည်း အရမ်းပျော်ပါတယ်”လို့ The Artist Gallery ပိုင်ရှင် ပန်းချီစောလင်းအောင်က ပြောပါတယ်။
၁၉၇၈ ခုနှစ်ကတည်းက ယနေ့အချိန်ထိ ဗုဒ္ဓဝင်နိပါတ်တော်ကားတွေအပြင် ဆရာကြီးရဲ့ စိတ်ကြိုက်ခံစားမူပန်းချီကားတွေကိုတော့ တစ်ကားကို ဒေါ်လာ ၃၀၀ ကနေ ဒေါ်လာ ၇၀၀၀ အထိ ဈေးနှုန်းသတ်မှတ်ထားတယ်လို သိရပါတယ် ။