၁၈. ၁. ၂၀၂၃
Translated by Htwe Ko Tun
ဗြိတိန်၊ အင်္ဂလန်နယ်တွင် သူနာပြုဆရာမများက ၎င်းတို့၏လစာတိုးပေးရေးအတွက် နှစ်ရက်ကြာ ဆန္ဒပြမှုကို ဇန်နဝါရီ ၁၈ ရက်တွင် စတင်ခဲ့ကြကြောင်း သိရသည်။
သူနာပြုဆရာမများ၏ ဆန္ဒပြမှုကြောင့် အစိုးရကလည်ပတ်နေသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ထောင်ပေါင်းများစွာသော ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလျဉ်ပြတ်စေနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးခဲ့ကြသည်။
သူနာပြုဆရာမများက ဇန်နဝါရီ ၁၈ ရက်နှင့် ဇန်နဝါရီ ၁၉ ရက်များတွင် ၎င်းတို့၏ဆန္ဒပြမှုများကို နံနက် ၇ နာရီခွဲမှ ည ၈ နာရီခွဲအထိ ၁၃ နာရီကြာစီ ပြုလုပ်သွားမည်ဟုပြောခဲ့ကြသည်။ အစိုးရပိုင်းကလည်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အဆိုပြုထားသော ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သူနာပြုဆရာမများ၏လစာတွင် ကြိုတင်ပေးငွေကို မြှင့်တင်ပေးရန်အတွက် သူနာပြုဆရာမများကောလိပ်(RCN)နှင့် အခြားကျန်းမာရေးဆိုင်ရာသမဂ္ဂများနှင့် တွေ့ဆုံဆွေးနွေးရန်ငြင်းဆန်ထားသည်။
ယခုဆန္ဒပြမှုမတိုင်မီကလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက အင်္ဂလန်နှင့် ဝေးလ်စ်နယ်များတွင် သူနာပြုဆရာမများ နှစ်ရက်ကြာ ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသေးသည်။ ယခုအပတ်ဆန္ဒပြမှုကြောင့် ဆေးရုံများတွင် ခွဲစိတ်ရန်စီစဉ်ထားရမှု ၄,၅၀၀ ခန့်နှင့် ပြင်ပလူနာ ချိန်းဆိုထားမှု ၂၅,၀၀၀ ခန့်ကို ဖျက်သိမ်းရနိုင်ကြောင်း သိရသည်။
သူနာပြုဆရာမများကောလိပ်သမဂ္ဂက လိုလားချက်များအတွက် ဆက်လက်တောင်းဆိုရန် ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင်လည်း ထပ်မံဆန္ဒပြသွားကြရန် စီစဉ်ထားကြောင်းပြောခဲ့သည်။ ၎င်းတို့က ငွေဖောင်းပွမှု၏အထက် ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်တောင်းဆိုထားကြောင်း၊ သို့သော် အစိုးရအနေဖြင့် တိုးမြှင့်ပေးရန်ဆန္ဒရှိသည်ဟု ရှင်းရှင်းလင်းလင်းသိရပါက ညှိနှိုင်းအပေးအယူလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref-The Guardian