ယင်းလုပ်ရပ်ကို တောင်ကုတ်ဒေသခံအများစုက တညီတညွတ်တည်း ရှုတ်ချကြောင်း တုံ့ပြန်မှုများရှိ

၉.၃.၂၀၂၅
Written By Zun
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကုန်သည်ကြီး ဦးကျောက်တောင်နေအိမ်အပါအဝင် အိမ်ခြေ အလုံး ၃၀ ကျော်ကို AA အကြမ်းဖက် မူးယစ်ရာဇာ ပင်လယ်ဓားပြများက ချိပ်ပိတ်လိုက်သည့် လုပ်ရပ်အပေါ် တောင်ကုတ်ဒေသခံအများစုက တညီတညွတ်တည်း ရှုတ်ချကြောင်း တုံ့ပြန်မှုများရှိနေကြောင်း သိရသည်။
တောင်ကုတ်မြို့ကို AA အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ပြီးနောက် လက်ရှိ နစက အစိုးရလက်ထက်တွင် စီးပွားရေး လုပ်နေကြဆဲဖြစ်သည်ဆိုကာ နေအိမ်များကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း တောင်ကုတ် ဒေသခံများက MT News ကို ပြောသည်။
“ဦးကျောက်တောင်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်လေ။ ဘယ်အစိုးရလက်ထက်မှာပဲ ဖြစ်ဖြစ် စီးပွားရေးလုပ်တာ ဘာဆန်းလို့လဲ။ သူလုပ်တဲ့ စီးပွားရေးကလည်း မြို့ခံတွေအတွက် အကျိုးရှိတယ်။ ရတဲ့အမြတ်ကို မြို့ရွာတိုးတက်ရေးအတွက် သူက အားလုံးလုပ်တယ်။ သူများတွေ စီးပွားရေးလုပ်တာက ကိုယ့်မိသားစု ကောင်းစား ရေးလုပ်တာ”ဟု တောင်ကုတ်ဒေသခံက ပြောသည်။
အဆိုပါ နေအိမ် အလုံး ၃၀ ကျော်ထဲတွင် ဦးကျောက်တောင်၏ နေအိမ်နှင့် အခြားပိုင်ဆိုင်မှုများလည်း ပါဝင်ကြောင်း၊ ယင်းအပြင် နစကအစိုးရ၏ ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေကြသူများ၏ နေအိမ်များလည်း ပါဝင်ကြောင်း သိရသည်။
“ဦးကျောက်တောင်နဲ့ ဘာဆိုင်လဲ။ ငါတို့တောင်ကုတ်ကလူတွေအတွက်တော့ ဦးကျောက်တောင်က လူကောင်း တစ်ယောက်ပါ။ ဒီလိုလုပ်တာက AA က အာဏာရှင်ဆန်ဆန် ချိပ်ပိတ်လိုက်တာပဲ။ ဒီလိုမလုပ်သင့်ဘူး။AA က ဘယ်လိုအာမခံချက်ကို ပေးမှာလဲ။ အများအတွက် လုပ်နေတဲ့အထဲမှာပါတဲ့သူထဲမှာ တောင်ကုတ်မှာ ဦးကျောက်တောင်ပဲ ရှိတယ်။ အဲလိုလူကို ဒုက္ခပေးရင်တော့ ပြန်လည်လာပါလိမ့်မယ်။ လက်နက်အားကိုးနဲ့လုပ်ချင်တာ လုပ်နေသရွေ့ AA လည်း ဇာတ်သိမ်းလှမှာမဟုတ်ဘူး။AA တစ်ဖွဲ့လုံးနဲ့ ယှဉ်ကြည့်ပါ။ဦးကျောက်တောင်နဲ့ AA ဘယ်သူက အကျိုးပြုလဲဆိုတာ။ လူတိုင်းသိပါတယ်။ AA ရခိုင်တွေရဲ့အစွန်းရောက်လုပ်ရပ်လို့ပဲ မြင်ပါတယ်။ ဦးကျောက်တောင် အပါအဝင် တခြားအိမ်တွေကို ချိပ်ပိတ်မယ်ဆိုရင်တောင် တောင်ကုတ်မြို့ခံတွေရဲ့ မျက်နှာကို ထောက်ထားဖို့ လိုပါတယ်။ မလုပ်သင့်ဘူး”ဟု တောင်ကုတ်ဒေသခံက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရခိုင်ကုန်သည်ကြီး ဦးကျောက်တောင်၏”ထိပ်ထားသခင်” ကုန်တင်သင်္ဘောအပါအဝင် သင်္ဘော ၃ စီးကို ဇန်နဝါရီလ ၁၇ ရက်တွင် AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက် နယ်နိမိတ် နတ်မြစ်ဝအနီး ရှာဖွေမှုပြု လုပ်ရန် အကြောင်းပြ၍ ပင်လယ်ဓားပြဆန်ဆန်ထိန်းသိမ်းဖမ်းဆီးခဲ့သေးသည်။
ယင်းသို့ ထိန်းသိမ်းရာတွင် ကို တခြားသင်္ဘောများ ပြန်လွှတ်ပြီးမှ ဖေဖော်ဝါရီလ ၁ ရက်မှသာ ဦးကျောက်တောင်၏ ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း MT News က ဖော်ပြခဲ့သေးသည်။
ဦးကျောက်တောင် အနေဖြင့် တောင်ကုတ်မြို့ တွင် နေလသစ္စာကုမ္ပဏီ၊ ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီ ၊ ဂုဏ်ဓန သင်္ဘောဒေါက်ကျင်း တို့ကို လုပ်ဆောင်နေပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလုပ်ငန်းကို ရန်ကုန်မှတစ်ဆင့် ကုန်သည်များ ကုန်သွယ်နိုင်ရေး လုပ်ဆောင်ပေးနေသူလည်း ဖြစ်ကြောင်း သိရသည်။
AA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ထိန်းချုပ်ထားသည့် မောင်တောမြို့ပေါ်တွင်လည်း စီးပွားရေး လုပ်ငန်းရှင်အချို့၊ နစက အစိုးရဝန်ထမ်းအဖြစ် ဆက်လက်လုပ်နေသူအချို့တို့၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်ထားကြောင်း သိရသည်။