





၉.၃. ၂၀၂၅
Written by Nay Moe
ရှမ်းပြည််နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာ ရှမ်းကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယဟာ တပ်မတော် ထောက်ခံသူတွေ ဖြစ်ပြီး ဒလန်ဖြစ်တဲ့အပြင် မိန်းမလိုက်စားတဲ့အတွက် သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်တဲ့ ပျားစစ်ကြောင်း ရဲ့ ဝန်ခံချက်ကို ဖယ်ခုံမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ PK-Police က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ညနေ ၄ နာရီခန့်က အုံတိုင်းရွာကျောင်းထိုင်ဆရာတော်ဦးဓမ္မသာရ(ဦးဇင်းပိန်)နဲ့ ကိုအိုက်ပီးဆိုသူကို NUG ဩဇာခံ ပျားစစ်ကြောင်းက သတ်ဖြတ်ပြီး ဖုန်းနဲ့ဘဏ်စာအုပ်လုယက်ခဲ့ကြတာပါ။ ဖြစ်စဥ်မှာ ဦးဓမ္မသာရဟာ ကျည် ၈ ချက်၊ ကိုအိုက်ပီးဟာ ကျည် ၂ ချက်ထိပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။




အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဓမ္မသာရဟာ တော်လှန်ရေးကို ထိပါးဟန့်တား နှောင့်ယှက်သူ၊ တပ်မတော်ကို ကူညီထောက်ပံ့နေသူ၊ ကပ္ပိယဖြစ်သူ ကိုအိုက်ပီးဟာလည်း ဦးဓမ္မသာရခိုင်းသမျှ လုပ်ကိုင်နေသူ၊ ဦးဇင်းပိန်နဲ့ ကပ္ပိယ ကိုအိုက်ပီး ဟာ အများပြည်သူ သိရှိသလို ပြည်သူ့အကျိုး၊ သာသနာ့အကျိုးကို ထမ်း ဆောင်နေသူ မဟုတ်ဘဲ လောင်းတမ်းကစားပြုလုပ်သူ၊ လူမျိုးရေး၊ ဘာသာရေးကို ယခင်ကတည်းက ခွဲခြားနေသူ၊ ဖဲရိုက်/ ဘောလုံး ပွဲလောင်းသူ၊ မိန်းမ ရှုပ်ပွေနေသူ ဖြစ်တဲ့အပြင် တော်လှန်ရေးကို ထိပါးနှောင့်ယှက်လာလို့ ပျားစစ်ကြောင်းက သတ်တာလို့လည်း အသတ်ခံရသူနှစ်ဦးအပေါ် သက်သေမရှိဘဲ အပြစ်ပုံချထားပါတယ်။
ဒါ့အပြင် ဆရာတော်တို့နှစ်ဦးလာသတ်တဲ့အဖွဲ့က ၆ ဦးဖြစ်ပေမဲ့ သတ်ဖြတ်သူက မောင်ဘလတ်လို့ အမည်ရှိသူ ၂၉ နှစ်သား PDF ဖြစ်လို့ မောင်ဘလတ်ကိုအရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပျားစစ်ကြောင်းရဲ့ ဝန်ခံချက်နဲ့ PK Police က ထုတ်ပြန်ချက်ကိုတော့ အများပြည်သူက လက်မခံတဲ့အပြင် ကျူးလွန်တဲ့ပျားစစ်ကြောင်းနဲ့ PK Police ကို ဝိုင်းပြီးရှုတ်ချနေကြပါတယ်။