၁၈. ၁. ၂၀၂၃
Written by Kyaw Soe Moe (Pyapon)
ဖျာပုံမြို့ပေါ် ရပ်ကွက်များရှိ ဓာတ်တိုင်များမှ ပြည်သူ လူထုနေအိမ်များသို့ သွယ်တန်းထားသော လျှပ်စစ် ဓာတ်ကြိုးများ နေ့စဥ်လိုလို ဖြတ်တောက်ခိုးယူခံနေရကြောင်း သိရသည်။
လက်ရှိ ဖြတ်တောက်ခိုးယူခံနေရသည့် ဓာတ်ကြိုးများမှာ EPC ၏ လမ်းမီးဓာတ်တိုင်များမှ ပြည်သူလူထုနေအိမ်များသို့ သွယ်တန်းချိတ်ဆက်ပြီး လူနေအိမ်များ လျှပ်စစ်မီး အသုံးပြုနေသော (7044) ဆားဗစ်ကြိုး ဓာတ်ကြိုး အလုံးအကြီးများဖြစ်ကြောင်း ဖြတ်တောက်ခိုးယူခံရသည့် ဒေသခံနေအိမ်များမှ သိရသည်။
လက်ရှိတွင် 7044 ဆားဗစ်ကြိုးတစ်ကိုက်လျှင် ဒေသပေါက်စျေး ၂၀၀၀ ကျပ် အထက် စျေးရှိနေသောကြောင့် ဓာတ်ကြိုးများ ဖြတ်တောက်ခိုးယူခံရသည့် နေအိမ်များမှာ ငွေကြေးအခက်အခဲများ ကြုံတွေ့နေရသည်။
ဖျာပုံမြို့ပေါ် ရပ်ကွက်များတွင် ဆားဗစ်ကြိုးများ ခိုးယူခံနေရချိန်မှာလည်း ပြည်သူအများအိပ်မောကျနေချိန်၊ ညသန်းခေါင်ယံ အချိန်များဖြစ်နေပြီး ဖျာပုံမြို့နယ်သည်လည်း ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ထားသော မြို့နယ်တစ်ခုဖြစ်နေသည်။
လက်ရှိတွင် နေ့စဥ်လိုလို ဓာတ်ကြိုးများဖြတ်တောက်အခိုးခံနေရမှုအပေါ် ဖျာပုံမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများမှာ မိမိတို့ နေအိမ်ဓာတ်ကြိုးများ ထပ်မံဖြတ်တောက်ခိုးယူခံရမည်ကိုလည်း စိုးရိမ်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။