
ဖြိုးဝေ – ၉.၃. ၂၀၂၅
အဖက်ဖက်က စုတ်ပြတ်ပြီး နိုင်ငံကို ဝိုင်းဖျက်ဆီးနေကြတဲ့လူတွေကြားမှာ၊ အစိုးရကို အမြင်မကြည်တာနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုရတဲ့ အားကစားကိုတောင် မြန်မာ့အလံမခြုံချင်တဲ့ ကျက်သရေမဲ့ လူတွေကြားမှာ မြန်မာနိုင်ငံသားမဟုတ်တော့တာတောင် မြန်မာဆိုတဲ့ဇာတိသွေးနဲ့ ကမ္ဘာကစောင့်ကြည့်ရတဲ့ UFC အဋ္ဌဂံကွင်းအလယ် မြန်မာ့အလံသယ်ဖို့ တဖွဖွတောင်းဆိုနေတဲ့ ဟားခါးချင်းလေး Joshua Van ဟာ ဒီနေ့မှာ သူတဖွဖွတောင်းဆိုခဲ့တဲ့ မြန်မာ့အလံခြုံရင်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ချုပ်သိုင်းပိုင်ရင် လုပ်တိုင်းနိုင်မယ်ထင်နေတဲ့ ဂျပန်နိုင်ငံသားလေး စူရူယာနဲ့ Van ဟာ အမေရိကန်မှာ မတ်လ ၈ ရက်နှောင်းပိုင်းကစတင်ပြီး မြန်မာစံတော်ချိန်အရ ဒီမနက်မှာကျင်းပတဲ့ UFC – 313 ထိုးသတ်ပွဲကို လူသိန်းဂဏန်းနီးနီးဆံ့တဲ့ Las Vegas က T – Mobile Arena ကွင်းမှာ ဆင်နွှဲခဲ့တာပါ။
မြန်မာ့အလံခြုံပြီး ပွဲထွက်လာတဲ့ အကြောက်တရားမဲ့ Van ဟာ မူလက UFC Ranking ဝင် ဘရာဇီးလ်သား M1 Middle Weight ချန်ပီယံ ဘရူနိုဆေးလ်ဗားနဲ့ ပွဲတည်ပေးခံခဲ့ရပေမဲ့ ပွဲပျက်သွားတာကြောင့် Road To UFC ကနေ တက်လှမ်းလာတဲ့ ဂျပန်ဖိုက်တာ စူရူယာနဲ့ ရင်ဆိုင်ရတာဖြစ်ပြီး စူရူယာဟာ Van ထက် အရပ် ၁ လက်မသာတဲ့အပြင် လက်တံအရှည် သုံးလက်မသာသလို ကြေးစားမှတ်တမ်းမှာ ဆယ်ပွဲထိုး ရှုံးပွဲမရှိစံချိန် ယူထားနိုင်တဲ့ အလားအလာကောင်းသူဖြစ်လို့ Ranking ထဲက ပြိုင်ဘက်မဟုတ်ပေမဲ့ Van အတွက် ခက်ခဲတဲ့ပြိုင်ဘက်လို့ ဆိုရမဲ့အခြေအနေလည်း ဖြစ်ခဲ့သေးတာပါ။




ပွဲစတာနဲ့ စူရူယာဟာ သတ်ကိုးသတ် နားမလည်တဲ့ပုံစံအတိုင်း Van ကို Takedown လုပ်ဖို့ပဲ ကြိုးစားနေခဲ့ပြီး ပွဲချိန်အတွင်း သူအကောင်းဆုံးလုပ်သွားခဲ့တာက ဒုတိယအချီမှာ Van ကို ချုပ်ကွက်နဲ့ ကိုင်ပေါက်သလိုတစ်ပတ်ကျွမ်းပြန် လှဲချတဲ့ပုံစံပါ။ သူ့ဘဝအတွက်အကောင်းဆုံး တိုက်ကွက်လို့ဆိုရမဲ့ ဒီအားထုတ်မှုက အချည်းနှီးဖြစ်ခဲ့ပြီး သုံးချီစလုံးမှာ Van ရဲ့ ခြေသလုံးကို တောင်းပန်သလို ကိုင်ဖက်နေတဲ့ စူရူယာဟာ Van ရဲ့ လက်သီးတွေနဲ့ ဆုံးမတာကို ခံခဲ့ရတာ၊ Van ရဲ့ တိုက်စစ်မှာ ထိချက်နာခဲ့လို့ ဒိုင်ဆုံးဖြတ်ချက်နဲ့ Van အနိုင်ရခဲ့တာပါ။
ပွဲအစကတည်းက Van ကို အထင်သေးသလို မကြည်ကြည့် ကြည့်နေတဲ့ ပေစောင်းစောင်း ဂျပန်လေး စူရူယာဟာ မိုးဟေကို ကို သဘောကျတဲ့ ချင်းကလေးရဲ့ ဆုံးမမှုခံယူလိုက်ရပြီး ပွဲပြီးတာတောင် အရှိန်မသေသေးပေမဲ့ ဒိုင်အားလုံးရဲ့ တစ်ပြေးညီ Van အနိုင်ကြောင့်သာ ပထမဆုံးရှုံးပွဲကို မချိတင်ကဲ လက်ခံလိုက်ရပုံဟာလည်း မြန်မာပရိသတ်တွေအဖို့ ပျော်ရွင်စရာပါ။


ခါတိုင်း ပထမအချီတွေမှာ တစ်ဖက်ကစားသမားကို အကဲဖြတ်ရင်း အထနှေးတတ်တဲ့၊ ပထမအချီမှာ ခံရလေ့ရှိတဲ့ Van ဟာ ဒီနေ့မှာ တိုက်စစ်ကိုဦးဆောင်ခဲ့တဲ့အပြင် Takedown လုပ် လှဲချခံရတိုင်း မြန်မာ့အလံဘက် လှမ်းကြည့်ပြီး ခုခံသွားတဲ့ပုံ၊ တစ်ပွဲထိုးသတ်တိုင်း ဒေါ်လာ သိန်းချီရတဲ့ ကမ္ဘာကျော် UFC အဋ္ဌဂံကွင်းအလယ်မှာ ပထမဆုံး Ranking ဝင်တဲ့ချင်းလေး Van ဟာ အစွန်းရောက်တိုင်းရင်းသားတွေလို ကိုယ့်လူမျိုးကိုယ်စားပြု ချင်းအလံမယူဘဲ မြန်မာ့အလံကို လေးလေးစားစားသယ်ယူရင်း နိုင်ပွဲရအောင် စွမ်းဆောင်၊ အောင်ပွဲခံသွားပုံဟာ အစိုးရတစ်ရပ် အမြင်မကြည်လို့ နိုင်ငံ့ကိုယ်စားပြုပွဲတွေတောင် အားကုန်မထုတ်ဘဲ အရှုံးပဲယူတဲ့ လူ့နလပိန်းတုံးတွေအဖို့ အရှက်ရစရာ၊ Van လို နိုင်ငံနဲ့ အစိုးရကို ခွဲမြင်တတ်အောင် သင်ယူရမှာပါလို့ပဲ သတိပေးချင်မိရင်း…။