
MT News
၈. ၃. ၂၀၂၅
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်လာသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ယခုနှစ်အတွက် နေပြည်တော်တွင်ကျင်းပရာ၌ လမ်းလျှောက်သင်္ကြန်အပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုလည်း လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ဖော်ပြနိုင်မည့် သရုပ်ဖော်မှုပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။


အထက်ပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ Brilliant Aura Co.,Ltd ၊ Bellarie Production တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် နေပြည်တော်လမ်းလျှောက်သင်္ကြန် Video Clip ကို ဖွင့်လှစ်ပြသပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်၍ အတွေ့အကြုံရှိကြပြီးဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်သည့် အလျောက် ယခင်နှစ်များထက် ပိုမိုအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုလည်း လူသားမျိုး နွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ဖော်ပြနိုင်မည့် သရုပ်ဖော်မှုကို ယခုနှစ်လမ်းလျှောက်သင်္ကြန်တွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရေးအတွက် ယခင်နှစ်များနှင့်မတူ မြန်မာ့သနပ်ခါးပါ တွဲဖက်အထူးပြုပြီး ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဝန်ကြီးဌာနအနေဖြင့် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယိမ်းအကအလှများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဖြစ် တင်ပြသွားမည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့တို့ကို တစ်ပြိုင်တည်း ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။