
MT News
၈. ၃. ၂၀၂၅
ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သားဦးကိုယ်ဝန်မွေးဖွားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သမီးငယ်လေးမြွှာပူးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ ပြည်သူတွေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြည်တွင်းမှာ လက်လှမ်းမီရရှိနိုင်ရေးနဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ကုသမှုအရည် အသွေးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များစွာ ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်ကို လာရောက်မီးဖွားတဲ့ အသက် ၂၆ နှစ်အရွယ် ဒေါ်ဝင်းမာထွန်း ခင်ပွန်းဦးကာစီရဲ့ သားဦး လေးမြွှာပူးကိုယ်ဝန်ကို မနေ့က မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်မှာ အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်။
အဆိုပါလေးမြွှာပူးကိုယ်ဝန်ဆောင် ဒေါ်ဝင်းမာထွန်းဟာ ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်မှာ ကိုယ်ဝန်ဆောင်ကျန်းမာ ရေးစောင့်ရှောက်မှုခံယူခဲ့ပြီး ခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက် ဗဟိုအမျိုးသမီးဆေးရုံကြီး – ရန်ကုန် ဆေးရုံအုပ်ကြီးခေါင်းဆောင်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးတွေပါဝင်တဲ့ ဆေးကုသရေးအဖွဲ့ကို ဖွဲ့စည်းကာ ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ လေးမြွှာပူးကိုယ်ဝန် ခွဲစိတ်မွေးဖွားမှုကို ပါမောက္ခ/ဌာနမှူး (သားဖွားမီးယပ်) ပါမောက္ခ ဒေါက်တာ ခင်မေသင်း ဦးဆောင်တဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများအဖွဲ့၊ တွဲဖက်ပါမောက္ခ ဒေါက်တာချိုချို ဦးဆောင်တဲ့ မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး (မွေးကင်းစ) ပါမောက္ခဒေါက်တာနမ့်စမ်းစမ်းအေး ဦးဆောင်တဲ့ မွေးကင်းစကလေး အထူးကုဆရာဝန်ကြီးများအဖွဲ့နဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးအပြင် ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ၊ သူနာပြုအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ဒေါ်ဝင်းမာထွန်းရဲ့ လေးမြွှာပူးကိုယ်ဝန်ကနေ ကိုယ်အလေးချိန် 1.21 kg၊ 1.52 kg၊ 1.28 Kg နဲ့ 0.91 kg ရှိ မိန်းကလေး လေးဦးတို့ကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်နဲ့ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လျက်ရှိနေသလို ကလေးငယ်တွေကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဌာနမှာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်သူနာပြုတွေက လိုအပ်တဲ့ ပြုစုကုသမှုတွေကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။