
၈. ၃. ၂၀၂၅
Translated by Thettant
တောင်ဆူဒန် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ဒါဇင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို နိုင်ငံ၏မြောက်ဘက်ပိုင်း နာဆာမြို့မှ ကယ်ထုတ်ရန် ကြိုးပမ်းသည့် ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စီး ယမန်နေ့က ပစ်ချခံခဲ့ရသဖြင့် လိုက်ပါလာသူ ၂၇ ဦး သေဆုံးသွားကြောင်း တောင်ဆူဒန်အစိုးရက ပြောကြားခဲ့သည်။

သမ္မတ Salva Kiir နှင့် ပထမ၊ ဒုတိယသမ္မတ Riek Machar တို့အကြား အာဏာခွဲဝေရေး သဘောတူညီချက်သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အရှေ့မြောက်ပိုင်း အထက်နိုင်းပြည်နယ်တွင် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများကြောင့် ခြိမ်းခြောက်ခံခဲ့ရသည်။ Kiir အစိုးရသည် ၎င်း၏ခါးသီးသောပြိုင်ဘက် Machar ကို သစ္စာခံသော တပ်ဖွဲ့များနှင့် နာဆာမြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် တပ်ဖွဲ့ဝင်များကို ကုလသမဂ္ဂ ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်ရန် ကြိုးပမ်းနေခဲ့သည်။
သို့သော် ကယ်ထုတ်စဉ် ကုလသမဂ္ဂ ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုကြောင့် အထက်နိုင်းပြည်နယ်၊ နာဆာမြို့ရှိအစိုးရ တပ်များကို ကွပ်ကဲသူ ဗိုလ်ချုပ် Majur Dak နှင့် အခြားစစ်သားများ သေဆုံးကြောင်း ကြေညာသည့် နိုင်ငံတော်မိန့်ခွန်းတွင် Kiir က နိုင်ငံသားတွေကို စိတ်တည်ငြိမ်အောင်ထားဖို့ တိုက်တွန်းခဲ့သလို “ကျွန်ုပ်တို့နိုင်ငံဟာ စစ်မဖြစ်တော့ဘူးလို့ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ဘယ်သူ့လက်ထဲကိုမှ ဥပဒေကို မရောက်ပါစေနဲ့။ ကျွန်တော်ဦးဆောင်တဲ့ အစိုးရက ဒီအကျပ်အတည်းကို ကိုင်တွယ်သွားမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်မှာ ခိုင်ခိုင်မာမာရပ်တည်သွားမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင် ၂၇ ဦးခန့် သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး မိုက်ကယ်မာကူအီက ပြောကြားခဲ့သလို သေဆုံးသူများတွင် ကုလသမဂ္ဂ၏ရဟတ်ယာဉ်အမှုထမ်းတစ်ဦးလည်း ပါဝင်ခဲ့ကာ ရဟတ်ယာဉ်မှာ ဝေဟင်တွင်ရှိနေစဉ် သို့မဟုတ် မြေပြင်ပေါ်တွင် ရှိနေစဉ် တိုက်ခိုက်ခံရခြင်း ဟုတ် မဟုတ်ကိုမူ အတိအကျ မသိရသေးပေ။
Nuer White Army နှင့် တောင်ဆူဒန်စစ်တပ်တို့၏ သဘောတူညီမှုအရ ကယ်ထုတ်စဉ် ဖြစ်ပွားခဲ့ရသည့် ထိုဖြစ်ရပ်အတွက် တောင်ဆူဒန်နိုင်ငံ ကုလသမဂ္ဂမစ်ရှင်အဖွဲ့ (Unmiss) အကြီးအကဲ Nicholas Haysom က အဆိုပါတိုက်ခိုက်မှုသည် လုံးဝရွံရှာဖွယ်ဖြစ်ပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
“လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကို အာမခံချက်ရလို့ ကယ်ထုတ်ခံရသူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ Unmiss က တာဝန်ရှိတဲ့သူတွေကို တာဝန်ခံဖို့ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းပါတယ်” ဟု Haysom က ပြောသည်။
၂၀၁၁ ခုနှစ်တွင် ဆူဒန်နိုင်ငံထံမှ လွတ်လပ်ရေးရခဲ့သော တောင်ဆူဒန်နိုင်ငံတွင် သမ္မတ Salva Kiir နှင့် ဒုတိယသမ္မတ (၁) Riek Machar တို့အကြား သဘောထားတင်းမာမှုများကြောင့် ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး Machar ၏ တပ်ဖွဲ့များနှင့် စစ်သွေးကြွ Nuer White Army တို့ပူးပေါင်းကာ Kiir ကိုသစ္စာခံသောတိုင်းရင်းသား Dinka တပ်များနှင့် အစိုးရတပ်များကို တိုက်ခိုက်ခဲ့မှုအတွင်း လူပေါင်း ၄ သိန်းကျော်သေဆုံးကာ ၂ ဒသမ ၅ သန်းကျော် အိုးအိမ်မဲ့ခဲ့ရသလို ၂၀၁၈ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း နှစ်ဖက်တပ်များနှင့် မဟာမိတ်တပ်များအတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
Ref The Gurdian & BBC