၁၈. ၁. ၂၀၂၃
Written by Nyein Kyaw
ဇန်နဝါရီ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၉၈/၄ မိုင်တွင် Alphard ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
“ကားတစ်စီးတည်းမှောက်တာ လူနာက ၅ ယောက်၊ သေဆုံးသူကတစ်ယောက် စုစုပေါင်း ၆ ယောက်ပေါ့။ ကျန်တာတော့ ဘယ်လိုမှောက်တာလဲဆိုတာတော့ မသိရသေးဘူး” ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။
တိမ်းမှောက်ခဲ့သည့် ကားပေါ်တွင် ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အမျိုး သမီးတစ်ဦးမှာ ကားတိမ်းမှောက်စဥ် ထိခိုက်ခဲ့သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့်ဦးရေများသဖြင့် ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်ကူညီခဲ့ရပြီး လူနာများနှင့် သေဆုံးသူများအား အမြန်လမ်းမီးသတ်တပ်ဖွဲ့၊ မိတ္ထီလာ ကြက်ခြေနီတပ်ဖွဲ့၊ အမြန်လမ်း ၁၉၂ တို့နှင့်အတူ အားလုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။