
၈.၃.၂၀၂၅
Written by Hey Mar
တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမှာဖြစ်သလို တိုးချဲ့ပြေးဆွဲပေးမယ့် YBS ယာဥ်တွေကိုလည်း CNG အလွယ်တကူ တန်းစီလို့ရအောင် YRTC ဘက်က စီစဥ်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ထံကနေ သိရပါတယ်။
ပုံမှန်နေ့စဉ် YBS ယာဉ်အစီးရေ ၃၀၀၀နဲ့ ၃၅၀၀ ပြေးဆွဲပေးနေပြီး လာမယ့် မတ်လ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် အစီးရေ ၄၀၀၀ အထိ ထပ်တိုးပြေးဆွဲမယ်လို့ YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ နီးကပ်တဲ့ကာလနဲ့ စာမေးပွဲဖြေဆိုတဲ့ ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းတွေဆီသွားလာမှု အဆင်ပြေစေရေးအတွက် မော်တော်ယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲရေးအတွက် ဆောင်ရွက်ပေးသွားဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အကြောင်းကြားလာတာကြောင့် YBS ယာဉ်လိုင်းတွေတိုးချဲ့ပြေးဆွဲပေးနိုင်ရေး ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာကျောင်းတွေဆီ သွားလာမှုအဆင်ပြေစေရေးအတွက် YBS ယာဉ်လိုင်းတွေက နေ့စဉ်ထွက်ရှိတဲ့ မော်တော်ယာဉ်စီးရေ တိုးမြှင့်ပြေးဆွဲပေးသွားမှာဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာနမှ စစ်ဆေးရေးအဖွဲ့ (၁၀)ဖွဲ့နဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။