
၈.၃.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်အစိုးရအဖို့ ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် ရုရှားအစိုးရနဲ့ ထိတွေ့ဆက်ဆံရတာက ယူကရိန်းအစိုးရနဲ့ ဆက်ဆံအားထုတ်ရတာထက် ပိုလို့လွယ်ကူတဲ့အပြင် သူ့အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် အပေါ်မှာလည်း ယုံကြည်စိတ်ချမှုရှိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ်လ ၇ ရက်မှာ ပြောခဲ့ပါတယ်။
ထရန့်က အိမ်ဖြူတော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ယူကရိန်းအစိုးရနဲ့ စစ်ပွဲပြီးဆုံးဖို့ ဆွေးနွေးရတာက ပိုလို့ခက်နေတယ်။ သူတို့မှာ ဘာအာဏာ ဆုံးဖြတ်ပိုင်ခွင့်မှ မပေးနိုင်ဘူး”လို့ ဆိုခဲ့ပါတယ်။ သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲကာလအပြီးမှာ ထရန့်က ဇယ်လန်စကီးကို ငြိမ်းချမ်းရေးအတွက်တွန်းအားပေးခဲ့ပြီး ယူကရိန်းသို့ အမေရိကန်ရဲ့စစ်ရေးအထောက်အပံ့ပေးမှုကိုလည်း ငြိမ်းချမ်းရေးတွန်းအားပေးမှုကို ပိုမိုထိရောက်စေဖို့ ရပ်ဆိုင်းထားခဲ့ပါတယ်။
မတ်လ ၇ ရက်မှာ ရုရှားအပေါ်ပိတ်ဆို့မှုအသစ်တွေပြုလုပ်ဖို့ခြိမ်းခြောက်ခဲ့ပေမယ့် ရုရှားဘက်က ညတွင်းချင်း ယူကရိန်းနိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဘာကြောင့်လုပ်ခဲ့လဲဆိုတာ နားလည်ပါတယ်လို့ ထရန့်က ပြောခဲ့ပါတယ်။
“သူ့နေရာမှာ ဘယ်သူမဆို ဒီလိုပဲလုပ်မှာပဲ။ ကျွန်တော့်အနေနဲ့ ပူတင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ သူက တကယ်လည်း စစ်ပွဲကို ပြီးဆုံးချင်နေပါတယ်။ သူ့အနေနဲ့ လိုက်လျောမှုတွေ အများကြီးပေးလိမ့်မယ်လို့လည်း ကျွန်တော်ထင်တယ်။ ဒါကကောင်းတဲ့ လက္ခဏာပါ”လို့ ဆက်လက်ပြောသွားခဲ့ပါတယ်။
ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမလုပ်ခင် အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအာမခံချက်တွေရဖို့ ဖိအားပေးပြောကြားနေတဲ့ ဇယ်လန်စကီးက အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေ အားလုံးဆုံးရှုံးသွားစေဖို့ အန္တရာယ်ရှိတယ်လို့လည်း ထရန့်က ဆက်ပြောခဲ့ပါတယ်။
Ref- NDTV