
၈.၃.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံမှ အသက် ၁၀၈ နှစ်ရှိ အဘွားအိုတစ်ဦးဟာ ဆံပင်ညှပ်သမားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေနိုင်သေးသောကြောင့် ကမ္ဘာ့အသက်အကြီးဆုံးဆံပင်ညှပ်သမားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး သူမက အနည်းဆုံး အသက် ၁၁၀ နှစ်အထိ အလုပ်လုပ်သွားမယ်လို့ ကတိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၁၀၈ နှစ်ရှိပြီဖြစ်တဲ့ မစ္စစ် ရှိဆူအီ ဟာကိုအီရှီဟာ ၁၉၁၆ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ အသက် ၁၄ နှစ်အရောက်မှာသူငယ်ချင်းတစ်ယောက်ရဲ့ အမေက တိုကျိုမြို့ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ အလုပ်သင်အနေနဲ့လုပ်ချင်သလားလို့မေးရာက အမျိုးသမီးဆံပင်ညှပ် ကျွမ်းကျင်သူတစ်ဦးအဖြစ်ရောက်ရှိလာရတာပါ။
ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်က မတ်လ ၇ ရက်မှာ ကမ္ဘာ့အသက်အကြီးဆုံး ဆံပင်ညှပ်ဆရာတွေကိုအမျိုးသားနဲ့ အမျိုးသမီးခွဲခြားဖော်ပြခဲ့ရာမှာ အမျိုးသားဆံပင်ညှပ်ဆရာတွေအနက် အသက်အကြီးဆုံးက နယူးယော့ခ်မြို့မှာ အသက် ၁၀၇ နှစ်အထိ လုပ်ကိုင်သွားခဲ့တဲ့ မစ္စတာ အန်တော်နီ မန်စီနယ်လီဆိုသူဖြစ်ပါတယ်။ ဒါပေမယ့် သူက အခုကွယ်လွန်သွားခဲ့ပါပြီ။
အမျိုးသမီးတွေထဲမှာတော့ ခုအချိန်ထိ ကိုယ်ပိုင်ကတ်ကြေးတွေကိုင်ဆောင်ကာ ဒီအပတ်ထဲမှာပဲသူ့ရဲ့ အသက် ၈၅ နှစ်ရှိ သမီးနဲ့ ၈၁ နှစ်ရှိ သားတို့လည်းလာခဲ့ကြတဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ မစ္စစ် ရှိဆူအီကို ဂင်းနစ်က ဖော်ပြခဲ့တာပါ။

မစ္စစ် ရှိဆူအီက အသက် ၂၀ ကျော်မှာ လက်ထပ်ခဲ့ပြီးနောက် ခင်ပွန်းနဲ့အတူ ဆံပင်ညှပ်ဆိုင်လေးတစ် ဆိုင်ဖွင့်ခဲ့တာပါ။ ဒါပေမယ့် ခင်ပွန်းသည်က ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းဆောင်ခဲ့ရပြီးတဲ့နောက် ကျဆုံးခဲ့ရပါတယ်။ ဆိုင်အဖြစ်ကနေ မိသားစုအိမ်အဖြစ် နှစ်ထပ်မြှင့်တည်ဆောက်ခဲ့ပြီးနောက်မှာတော့ သူတို့အိမ်ကလည်း တိုကျိုမြို့ကို အမေရိကန်ရဲ့ဗုံးကြဲမှုအောက်မှာ ပြာပုံဖြစ်ခဲ့ရပါတယ်။
ဒီနောက် မစ္စစ် ရှိဆူအီဟာ ကလေးတွေနဲ့အတူ ဇာတိမြို့ နာကာဂါဝါမြို့ကို ပြောင်းလာခဲ့ပြီး ဆံပင်ညှပ်ဆိုင်ဖွင့်ကာ ဒီနေ့အထိ အလုပ်လုပ်နေခဲ့တာပါ။
သူ့ရဲ့ အနာဂတ်စိတ်ကူးလေးတွေကို မေးကြည့်ရာမှာတော့ မစ္စစ် ရှိဆူအီ ယာကိုအီရှီက ၂၀၂၅ ခုနှစ်ဆို သူက အသက် ၁၀၉ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် အသက် ၁၁၀ နှစ် အထိတော့ ဒီလိုပဲ ဆံပင် ညှပ်ဆရာအလုပ်ကို ဇွဲမလျှော့ဘဲလုပ်သွားနိုင်ဖို့ ရည်မှန်းတယ်လို့ ပြောခဲ့ပါတယ်။
Ref- AP