
SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဘီလာရုစ်သမ္မတက သမ္မတနန်းတော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ဆွေးနွေး

MT News
၇.၃.၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး ရုရှားသမ္မတအပါအဝင် ရုရှားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးပြီးနောက် ဘီလာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit) အဖြစ် ဘီလာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြိုသို မတ်လ ၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိသွားရာ ဘီလာရုစ်သမ္မတနိုင်ငံက SAC ဥက္ကဋ္ဌအား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြိုဆိုခဲ့ပြီးနောက် ယနေ့ မတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘီလာရုစ်သမ္မတနန်းတော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်းကော့တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ ဘီလာရုစ်သမ္မတနန်းတော်ဆီ ရောက်ရှိလာသည့် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘီလာရုစ်နိုင်ငံ သမ္မတ လူကာရှန်းကော့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သလို “အဆွေတော်ဝန်ကြီးချုပ်နဲ့ ယခုလိုတွေ့ဆုံရတဲ့အတွက် အလွန်ဝမ်းမြောက်ပါတယ်။ အဆွေတော်ရဲ့ လှပတဲ့ တိုင်းပြည်ကို မရောက်ဖူးသေးပေမယ့် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကျွန်တော်ကောင်းစွာသိပါတယ်။ ကျွန်တော်တို့ ပြည်သူအချင်းချင်းကလည်း ချစ်ကြည်ရင်းနှီးမှု ရှိပြီးဖြစ်တဲ့အတွက် မိတ်ရင်းဆွေရင်း၊ မိတ်ကောင်းဆွေကောင်းတွေပဲ ဖြစ်ပါတယ်” ဟု လူကာရှန်းကော့က နှုတ်ခွန်းဆက်ပြီးနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်းကော့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ဆက်လက်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်းကော့တို့သည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများအတွက် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဘီလာရုစ် – မြန်မာစီးပွားရေးဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ ၁၄ ခုကို လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။