
၇.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို လက်နက်ထောက်ပံ့နေမှု ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာတော့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက သမိုင်းဝင်လုပ်ဆောင်မှုတစ်ရပ်အနေနဲ့ ရည်မှန်းချက်ကြီးတဲ့ ဥရောပ လက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဉ် Rearm Europe Program ကို မတ်လ ၇ ရက်မှာ အတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်အရ ဥရောပနိုင်ငံတွေက ဥရောပ တိုက်ကာကွယ်ရေးအတွက် ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ကြမှာဖြစ်ပါတယ်။
ဒီအစီအစဉ်အရ အကောင်အထည်ဖော်ကာ ဥရောပနိုင်ငံတွေရဲ့ စစ်ရေးစွမ်းရည်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ မြှင့်တင်ကြဖို့ ဥရောပသမဂ္ဂ ၂၇ နိုင်ငံက ယူရိုငွေ ဘီလျံ ၈၀၀ ကို ခွဲဝေချထားကြမှာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစိန်ခေါ်မှုတွေ မြင့်တက်လာတာကို တုံ့ပြန်တာလည်းဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ကာကွယ်ရေးအဆောက်အအုံကို မဟာဗျူဟာပိုင်းနဲ့ စစ်ဆင်ရေးပိုင်း နှစ်ခုစလုံးမှာ ခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို အတည်ပြုနိုင်မှုက ဥရောပရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့ပြီး ဥရောပရဲ့ စုပေါင်းလုံခြုံရေးနဲ့ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကတိကဝတ်ကို အားဖြည့်ရာလည်း ရောက်ပါတယ်။
Rearm Europe Program က ဥရောပတိုက်တစ်ဝန်းမှာ ကာကွယ်ရေးစနစ်တွေ ခေတ်မီဖို့၊ စစ်ဘက်နည်းပညာတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုနဲ့ အဆင်သင့်ဖြစ်မှုကို တိုးမြှင့်ပေးဖို့ ငွေကြေးထောက်ပံ့မှုပြုမှာပါ။
ဥရောပသမဂ္ဂအနေနဲ့ ပြည့်စုံတဲ့ကာကွယ်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်ဖို့အတွက်ရန်ပုံငွေခွဲဝေမှုနဲ့ သီးခြားစီမံကိန်းတွေ အသေးစိတ်ကိုတော့ လာမယ့် ရက်သတ္တပတ်တွေမှာထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
Ref- Greek City Times