
ယူကရိန်းတွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေး နေတိုးတပ်ဖွဲ့တွေ ချထားမည်ဆိုခြင်းကို လက်မခံဟုပါဆို
၇.၃.၂၀၂၅
Translated by Htwe Ko Tun
ရုရှားအနေနဲ့ အခုအခါ ယူကရိန်းမှာ အလျင်အမြန်ငြိမ်းချမ်းရေးအတွက် လိုလားနေပေမဲ့ စစ်ပွဲပြီးဆုံးမှာကို မလိုလားဖြစ်နေတဲ့ ဗြိတိန် (ယူနိုက်တစ် ကင်းဒမ်း) အစိုးရကတော့ ငြိမ်းချမ်းရေးရမှာကို ဆန့်ကျင်နေသူတွေရဲ့ ခေါင်းဆောင်လည်းဖြစ်နေတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး အန်ဒရီးကီလင်းက Sky News နဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ မတ်လ ၆ ရက်က စွပ်စွဲပြောကြားခဲ့ပါတယ်။

သူက ဗြိတိန်၊ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတစ်ခုလုံးဟာ ယူကရိန်းမှာစစ်ပွဲပြီးဆုံးဖို့ကိုလည်း မလိုလားဘူးဖြစ်နေကြတယ်လို့ ပြောခဲ့ပါသေးတယ်။
အန်ဒရီးကီလင်းက “ရုရှားအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့လည်း အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့မှာ ရပ်တည်ချက်ရှိပါတယ်။ တကယ်လို့ ညှိနှိုင်းဆွေးနွေးဖြေရှင်းကြမယ်ဆိုရင် ဒီအတွက် ကျွန်တော်တို့ အလွန်အရေးကြီးတဲ့ချဉ်းကပ်မှုနည်းလမ်းတစ်ရပ် လိုပါတယ်။ ဒါမှ လေးနက်တဲ့ သဘောတူညီချက်တစ်ရပ် ရနိုင်မှာပါ။ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် ရရှိနိုင်မှာပါ”လို့ ပြောခဲ့ပါသေးတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ဆီကို ဖေဖော်ဝါရီလအတွင်းက ရုတ်တရက် ဖုန်းဆက်စကားပြောခဲ့ပါတယ်။ ဒါက အမေရိကန်ရဲ့ အနောက်အုပ်စုဥရောပ မဟာမိတ်တွေကိုတော့ အကြီး အကျယ်တုန်လှုပ်ချောက်ချားစေခဲ့တာပါ။ ထရန့်ကဆက်ပြီးတော့ ယူကရိန်းသမ္မတ ဇယ်လန်စကီးကို အာဏာရှင်တစ်ဦးအဖြစ် ခေါ်ဝေါ်ခဲ့ကာ သူတို့နှစ်ဦး ဖေဖော်ဝါရီလ ၂၈ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံမှုက အဆင်မပြေ အချင်းများခဲ့ကြအပြီးမှာတော့ နှစ်ဦးကြားဆက်ဆံရေးက စုတ်ပြတ်ပျက်စီးခဲ့ရတယ်လို့ ဆိုရမှာပါ။
ဇယ်လန်စကီးဆီက သတ္တုတူးဖော်မှုအတွက် သဘောတူညီချက်တစ်ရပ် အမေရိကန်အစိုးရနဲ့ လက်မှတ်ထိုးဖို့ ယူကရိန်းဘက်က အချိန်မရွေးအသင့်ရှိတယ်လို့ စာတစ်စောင်ရခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ သမ္မတထရန့်က ပြောကြားအပြီးမှာတော့ နှစ်ဦးအကြားဆက်ဆံရေးက ပြန်ကောင်းမယ့် လက္ခဏာလေးတွေ တွေ့ရပေမယ့် ဒီတွေ့ဆုံပွဲအပြီး ရက်အနည်း ငယ်အကြာမှာပဲ ထရန့်က ယူကရိန်းကို အမေရိကန်ရဲ့ စစ်ရေးအထောက် အပံ့ပေးမှုတွေအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။
တွေ့ဆုံမေးမြန်းပွဲမှာ ကီလင်းက ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုအပေါ် အမေရိကန် သဘောထား ရပ်တည်ချက် ပြောင်းလဲလာတာကို သိပ်အံ့ဩမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။ ထရန့်အနေနဲ့ ဒီပဋိပက္ခရဲ့ သမိုင်းကြောင်းကို သိလာတာပဲလို့ ကီလင်းက ပြောခဲ့ပါတယ်။ ခုဆိုရင် ထရန့်ဟာ ယူကရိန်းစစ်ပွဲရဲ့ အကြောင်းရင်း သမိုင်းကြောင်းကို ဒီပြင် ဥရောပခေါင်းဆောင်တွေနဲ့မတူဘဲ သိလာပါပြီလို့ သူကပြောခဲ့ပါသေးတယ်။
ကီလင်းက ရုရှားအစိုးရအနေနဲ့ အမေရိကန်အစိုးရကို ယူကရိန်းမှာ သူ့ရဲ့နယ်မြေတိုး ချဲ့ပိုင်ဆိုင်မှုအတွက် ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မှာမဆို အသိအမှတ်ပြုသင့်တယ်ဆိုတာ ပြောခဲ့တယ်လို့လည်း ကီလင်းက ‘ကျွန်တော်တို့ဒီကိစ္စကိုအလေးအနက်ဆွေးနွေးခဲ့ကြတယ်လို့ ကျွန်တော်မထင်ဘူး။ ကျွန်တော် ဖတ်ဖူးသမျှ အမေရိကန်တွေက လက်တွေ့မှာ အမှန်တရားကိုနားလည်ကြပါတယ်”လို့ ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး သူက ယူကေဝန်ကြီးချုပ် ကားစတမ်မာနဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ ပြောခဲ့ကြသလို ယူကရိန်းတွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေး နေတိုးတပ်ဖွဲ့တွေ ချထားဖို့ဆိုတာကို ရုရှားအနေနဲ့ လက်မခံနိုင်ပါဘူး။ ဒါကအဓိပ္ပါယ်မဲ့လွန်းပြီး လက်တွေ့မှာ မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ကီလင်းက ယူကရိန်းသမ္မတ ဇယ်လန်စကီးပြောခဲ့တဲ့ ခေတ္တအပစ်အခတ်ရပ်ဆိုင်းရေး ဆိုတာဟာလည်း စိတ်ကူးယဉ်ရူးသွပ်မှုသာဖြစ်လို့ ရုရှားက ဘယ်တော့မှ လက်မခံပါဘူးလို့ ပြောခဲ့ပါတယ်။သူက ရုရှားအနေနဲ့ အပစ်အခတ်ရပ်ဖို့ နောက်ဆုံးအဆိုပြုမှုကိုပဲ သဘောတူလက်မှတ်ထိုးမှာပါလို့ တွေ့ဆုံမေးမြန်းပွဲမှာ နောက်ဆုံးပြောခဲ့ပါတယ်။
Ref- Sky News