



၆. ၃. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း လှုပ်ရှားရာ အုံတိုင်းရွာဘုန်းကြီး ကျောင်းမှ စစ်ဘေးရှောင်များကို ကူညီနေသည့် ကျောင်းထိုင် ပရဟိတဆရာတော်တစ်ပါးနှင့် ရဟန်းတစ်ပါးကို PDF များက ပစ်သတ်ကာ ငွေကြေးများလုယက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ မတ်လ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်းမှ သက်တော် ၄၈ နှစ် ဝါတော် ၂၈ ဝါရှိ ကျောင်းထိုင် ဆရာတော် ဦးဓမ္မသာရ(ဦးဇင်းပိန်) နှင့် ဒါယကာတစ်ဦးဖြစ်သူ ဆီစက်ပိုင်ရှင် ဦးကယားမောင်၏သား စိုင်းပီး ဆိုသူတို့ကို ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာသည့် PDF များက သေနတ်နှင့် ပစ်သတ်ကာ လုယက်မှု ကျူးလွန်သွားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက လူမှုကွန်ရက်တွင် ဖော်ပြမှုအရ သိရသည်။



ပစ်သတ်ခံရသည့် ရဟန်းမှာ စစ်ဘေးရှောင်များကို ကူညီသူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရပြီး အဆိုပါ သတ်ဖြတ်မှုကို ထိုဒေသတွင် လှုပ်ရှားပြီး သတ်ဖြတ်သည့် တရားခံများဟု ပြောဆိုခံနေရသည့် NUG ဩဇာခံ ၁၀၀၆ တပ်ရင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း (၂) က အဆိုပါ သတ်ဖြတ်မှုကို လက်နက်ကိုင်လူတစ်စုက ကျူးလွန်ကြောင်း၊ ၁၀၀၆ တပ်ရင်းက မသတ်ကြောင်း သစ္စာပြုကျိန်ဆိုချက်ကို ထုတ်ပြန်ထားသည်။ သို့သော် ထုတ်ပြန်ချက်ပါ “လက်နက်ကိုင်လူတစ်စု”ဆိုသည်ကို ဒေသခံများကမူ “ဖယ်ခုံ PDF အုပ်စိုးထားသည့် နယ်မြေတွင် လက်နက်ကိုင်လူတစ်စုက ဝင်သတ်သည်”ဆိုသည်ကို လှောင်ပြောင်မေးခွန်းထုတ်နေကြသလို ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီကလည်း နားဟီးအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ KSP, PK Police တို့နှင့် ပူးပေါင်းလက်တွဲကာ အဆိုပါဖြစ်ရပ် ကျူးလွန်သူ များအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း PDF များ ချုပ်ကိုင်ထားသည့် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ၊ ဆုထူးပန်စေတီမှ ဆင်းတုတော် ၉ ဆူကို PDF များက ခေါင်းဖြတ်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်ကို ကျူးလွန်သူများအား ဖော်ထုတ်အရေးယူမည်ဟု မိုးဗြဲ PDF က ကြေညာခဲ့သော်လည်း ယနေ့အထိ တရားခံမပေါ်ခဲ့ချေ။