
၆.၃.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် မတ်လ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က ဘုရားစင် အလှမီးဆိုင်း ပူဇော်ထားရာမှ အပူလွန်ကဲ၍ နေအိမ် ၁၀ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၃၇ ဦး မီးဘေးသင့်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၂ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ဘုရားစင် အလှမီးဆိုင်း ပူဇော်ထားရာမှ အပူလွန်ကဲ၍ မီးပွားထွက်ကာ အောက်ရှိ စာအုပ်များနှင့် အဝတ်ပုံများကို မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် ၆ လုံးနှင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၁၀ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၉၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ နေအိမ် ၁၀ လုံး မီးလောင်ဆုံးရှုံးမှုကြောင့် အသက် ၅၈ နှစ်အရွယ် အမျိုးသားကြီးကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မီးဘေးသင့်၍ နေအိမ်ဆုံးရှုံးခဲ့သော အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၃၇ ဦးကို ရွှေပင့်ကူလမ်းရှိ မေတ္တာဝါဒီဆွမ်းလောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားကြောင်း သိရသည်။