
၆.၃.၂၀၂၅
Written By Thandar
ဂန္တဝင် တေးရေးဆရာကြီး စိုင်းခမ်းလိတ်ရဲ့ တေးသီချင်းတွေကို ပြန်လည်ဖော်ကျူးသီဆိုမယ့် “ချယ်ရီမြေက ချစ်သံစဉ်” Music Concert Live Show ပွဲကို မနက်ဖြန် မတ်လ ၇ ရက် ည ၇ နာရီမှာ ရန်ကုန်မြို့ အင်းယားလိတ်မှာ ကျင်းပမှာဖြစ်ပါတယ်။
“ကျွန်မအနေနဲ့ ဆရာစိုင်းခမ်းလိတ် တေးသီချင်းတွေကို သီဆိုခွင့်ရခဲ့တာဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ နှလုံးသားက စိုင်းထီးဆိုင်၊ ရင်ထဲက စိုင်းထီဆိုင် တေးစီးရီးတွေမှာ ကျွန်မ ဆိုခဲ့တယ်။ ချစ်တာတစ်ခု တည်းသိတယ်၊ နှုတ်စကားကြားမှ ယုံလိုသူ ဒီသီချင်းလေးတွေကို ခုချိန်ထိ ပရိသတ်က ရင်ထဲမှာ ရှိနေတုန်းပါ။ အခု ကျွန်မ ဆရာ့အတွက် ဂုဏ်ပြုအစီအစဉ်မှာ ချယ်ရီမြေက ချစ်သံစဉ်ဆိုတဲ့ ပွဲလေးမှာ ကျွန်မက သီဆိုမှာပါ။ ဆရာ့သီချင်းတွေ နှစ်နှစ်သက်သက်ပြန်လည် နားဆင်နိုင်မှာမို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်”လို့ အဆို တော် မေဆွိကပြောပါတယ်။
Ngwe Taung Tan Entertainment က လောကသဘာဝနဲ့ အနီးစပ်ဆုံး ကိုယ်ပိုင်သံစဉ် တေးရေးဆရာကြီး ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ ချစ်သံစဉ်တွေကို နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ မေဆွိ၊ ရေဗက္ကာဝင်း၊ ချမ်းမြေ့မောင်ချို နဲ့အတူ စိုင်းစည်တွမ်ခမ်း တို့က သီဆိုဖျော်ဖြေကြမှာလည်းဖြစ်ပါတယ်။
“ကျွန်တော် ငွေတောင်တန်းက စီစဉ်တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းပေါင်းများစွာကို သီဆို ဖျော်ဖြေမှာပါ။ ချယ်ရီမြေက ချစ်သံစဉ် ခေါင်းစဥ်လေးနဲ့ Music Concert လုပ်မှာပါ။ ဒီရှိုးပွဲမှာတော့ တခြားနာမည်ကြီး အနုပညာရှင် အဆိုတော်ကြီးတွေ ပါမှာပါ။ လာရောက်ကြည့်ရှု ခံစားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိ ဆရာစိုင်းခမ်းလိတ်ရဲ့ တေးသီချင်းတွေကို သေချာလေး ရွေးနေပါတယ်။ ကိုယ်တိုင် ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းတွေလည်း ဖြစ်လို့ပါ။ လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ် ”လို့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။