ဒဏ်ရာရသူ ၁၅ ဦးတွင် ပါဝင်သည့် နိုင်ငံခြားသားနှစ်ဦးမှာ မြန်မာလုပ်သားတစ်ဦးပါဝင်ဟု ဆို

၆.၃.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံလေတပ်မှ KF-16 ဂျက်တိုက်လေယာဉ်နှစ်စီးသည် စစ်ဖက်ဆိုင်ရာ လေ့ကျင့်ပျံ သန်းနေစဉ် လေ့ကျင့်ရေးကွင်းနယ်အပြင်ဘက်တွင် ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေး ဗုံးရှစ်လုံးကို မတ်လ ၆ ရက်က မှားယွင်းကြဲချမိခဲ့ရာ မြေပြင်ရှိလူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း စစ်ဖက်အရာရှိများနှင့် မီးသတ်အရာရှိများက ပြောခဲ့ကြသည်။
တစ်ကြိမ်တစ်ခါမှ ဖြစ်ပျက်ခဲ့ခြင်းမရှိသော ဤကဲ့သို့ အရပ်ဖက်မြို့ပေါ်သို့ ဗုံးကြဲချခဲ့မှုက ဆိုးလ်မြို့၏ မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာ ပိုချီအွန်ရွာတွင် မတ်လ ၆ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်သားနှစ်ဦးနှင့်နိုင်ငံခြားသားနှစ်ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးက အသေးအမွှားဒဏ်ရာများမှ စိုးရိမ်ရသော ဒဏ်ရာများအထိ ရခဲ့ကြောင်း သိရသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် အခြားအဆောက်အအုံ ခုနစ်လုံးမှာလည်း ဗုံးများကြောင့်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရနိုင်ငံခြားသားနှစ်ဦးမှာ မြန်မာလုပ်သားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးဟုလည်း သတင်းများက ဖော်ပြနေကြသည်။
မီးသတ်အာဏာပိုင်များက ဒဏ်ရာရသူများအနက် အရပ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း ပြော ခဲ့ကြသည်။ သို့သော် ၎င်းတို့ဒဏ်ရာများက မျက်နှာနှင့် ပခုံးတို့တွင်ဖြစ်၍ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းတို့ကဆိုသည်။



အာဏာပိုင်များက ဆေးကုသပေးရန် တောင်းဆိုပြောကြားလာသူ များပြားလာ၍ ဒဏ်ရာရသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း ပြောခဲ့ကြသည်။ ဗုံးကြဲပေါက်ကွဲသည့်နေရာနှင့် အလှမ်းဝေးသည့် မြို့တော်ခန်းမတစ်ခုအတွင်းသို့ လူ ၅၀ ဦးအား ပြောင်းရွှေ့ပေးခဲ့ရကြောင်းလည်း သိရသည်။
စစ်ဖက်အရာရှိများက KF-16 လေယာဉ်နှစ်စီးမှာ လေ့ကျင့်ရေးကွင်းနယ်အပြင်ဘက်သို့ နံနက် ၁၀ နာရီ ၀၄ မိနစ်တွင် ပုံမှန်မဟုတ်ဘဲ တစ်စီးလျှင် MK-82 ဗုံးများ လေးလုံးစီကြဲချမိခဲ့ခြင်းဟု ပြောခဲ့ကြသည်။ လေ တပ်က ထိုဖြစ်ရပ်အတွက် ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပတ်ကီဝန် ခေါင်းဆောင်၍စုံစမ်း စစ်ဆေးမှုပြုနေပြီး ထိခိုက်ဒဏ်ရာရရှိမှုများအတွက်အရပ်သားများအား တောင်းပန်ခဲ့သည်။ ထို့ပြင် ထိခိုက်မှုများအတွက် လျော်ကြေးပေးမှုများအပါအဝင် လိုအပ်သော ဆောင်ရွက်မှု အားလုံးကိုပြုလုပ်သွား မည်ဟုလည်း လေတပ်က ကြေညာချက်ထုတ်ခဲ့သည်။
Ref- Yonhap