၁၈. ၁. ၂၀၂၃
Translated by Htwe Ko Tun
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတဖြစ်သူ ငုယင်စွမ်းဖုမှာ ဗီယက်နမ်ကွန်မြုနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင် ဖူထရွန်၏ ခြစားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင် ပါဝင်သွားခဲ့ကာ ဇန်နဝါရီလ ၁၇ ရက်က သမ္မတရာထူးမှ နုတ်ထွက်ပေးခဲ့ရပြီး ပါတီ၏အဓိကအဖွဲ့အစည်းများတွင် ပါဝင်နေမှုမှလည်း သန့်စင်ခြင်းခံခဲ့ရကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဝက်ဘ်ဆိုတ် ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ပါတီဗဟိုကော်မတီက ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် သမ္မတရာထူးတို့အပါအဝင် ၎င်းပါဝင်တာဝန်ယူထားသော ရာထူးနေရာများမှအနားပေးပါရန် ငုယင်စွမ်းဖု၏ တင်သွင်းလွှာကို လက်ခံအတည်ပြုခဲ့ကြောင်းလည်း ကြေညာချက်ကဆိုသည်။ ၎င်းက ဗီယက်နမ်နိုင်ငံသမိုင်းတွင် ကျယ်ပြန့်လှသော နိုင်ငံ၏ထိပ်သီး ခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းမှုလည်းဖြစ်ခဲ့သည်။
ငုယင်စွမ်းဖုသည် အသက် ၆၈ နှစ်ရှိပြီဖြစ်ကာ ဝန်ကြီးချုပ်အဖြစ် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ အမျိုးသားညီလာခံတွင်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။
၎င်း၏ လက်ထောက်နှစ်ဦးဖြစ်သည့် ဒုတိယဝန်ကြီးချုပ်နှစ်ဦးဖြစ်သော ဖန်ဗင်းမင်နှင့် ဗူဒပ်ဒမ်တိုနှစ်ဦး နှင့်အခြားဝန်ကြီးသုံးဦးမှာ ကိုဗစ်-၁၉ ကူးစက်မှု ပြင်းထန်နေသည့်ကာလအတွင်း ဇာတိမြေသို့ နိုင်ငံသားများပြန်လည်ပို့ဆောင်သည့် လေကြောင်းပျံသန်းမှုများနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံရခြင်းရှိမရှိ စမ်းသပ်သည့် Test kits များ ထုတ်လုပ်သူတစ်ဦးတိုနှင့် ဆက်စပ်နေသည့်ကိစ္စများတွင် လာဘ်ပေးလာဘ်ယူ ကိစ္စများဖြင့် သီးခြားစီစုံစမ်းစစ်ဆေးခြင်းခံရကာ တာဝန်မှအနားပေးခြင်း ခံခဲ့ကြရသည်။
ဇန်နဝါရီလအတွင်း အဆိုပါ ဒုတိယဝန်ကြီးချုပ်နှစ်ဦးနှင့်ဝန်ကြီးသုံးဦးအား ရာထူးမှထုတ်ပယ်အနားပေးပြီးနောက် ဤကိစ္စတွင် သမ္မတ ငုယင်စွမ်းဖုအနေဖြင့် တာဝန်ရှိသောကြောင့် ရာထူးမှ အနားပေးရန် နုတ်ထွက်စာတင်သွင်းခဲ့ရခြင်းဖြစ်သည်။
သမ္မတငုယင်စွမ်းဖုသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်ကလည်း နိုင်ငံအတွင်း ကပ်ရောဂါဆိုး၏ဒဏ်ကို တိုက်ဖျက်ရာ၌ အောင်မြင်မှုရခဲ့သူဖြစ်သည်။ သိုသော် နိုင်ငံရေးအရ လက်အောက်အခြားဝန်ထမ်းများ၏ အကျင့်ပျက်ချိုးဖောက်မှုများနှင့် မှားယွင်းမှုများအတွက် ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းတွင်တာဝန်ရှိသည်ဟုဆုံးဖြတ်ကာ ရာထူးမှနုတ်ထွက်လွှာတင်သွင်းခဲ့ရခြင်းဟုဆိုသည်။
နိုင်ငံ၏ ဖွဲစည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတဖြစ်သူ ဗိုသီ အန်ရွှန်းက သမ္မတအဖြစ် ယာယီတာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Ref-Bloomberg