
SAC ဥက္ကဋ္ဌ စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်မှုအပြင် ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးပါ ဆွေးနွေး
MT News
၆. ၃. ၂၀၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒား ဘယ်ဂ်လော့နှင့် မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်အစိုးရဧည့်ဂေဟာ K2 ၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဒုတိယဝန်ကြီးများ၊ စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး၊ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ စိန့်ပီတာစဘတ်မြို့တွင် သွားရောက်ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒားဘယ်ဂ်လော့တို့က ကောင်စစ်ဝန်ချုပ်ရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလွန်ဝေးကွာသော်လည်း နှစ်နိုင်ငံပြည်သူများနှင့် နှလုံးသားချင်းနီးကပ်နေသောကြောင့် သံတမန်ဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက် ရင်းနှီးချစ်ကြည်သည့်ဆက်ဆံရေးကောင်းကို ထူထောင်ထားနိုင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်စေရန်အတွက် အချက်အခြာကျသည့် စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ၂ ခုကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရုရှားနိုင်ငံ၏ သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံရေး၊ စီးပွားရေး၊ ခေတ်မီသိပ္ပံနှင့် နည်းပညာထွန်းကားတိုးတက်နေသည့် စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မိမိတို့နှစ်နိုင်ငံ၏ အကျိုးစီးပွားများကို ပိုမိုဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန္ဒားဘယ်ဂ်လော့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရုရှား-မြန်မာဆက်ဆံရေးများ ကောင်းမွန်လျက်ရှိခြင်းကြောင့် မိမိတို့ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကောင်စစ်ဝန်ချုပ်ရုံးအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ကောင်စစ်ဝန်ချုပ်ရုံးသည် ပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်သဖြင့် နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။