
ပုံစာ။ ကောင်းကင်ယံကားကို PDF များ မိုင်းခွဲပစ်ခတ်မှုဖြစ်စဥ်၊ သေဆုံးသူ သားအမိနှင့် ဖြစ်စဥ်အပေါ် ဖော်ပြမှုအချို့ (Photo - CJ)
၆. ၃. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်း ငါးယှန်ကျေးရွာအနီးတွင် ကောင်းကင်ယံ ခရီးသည်တင်ယာဉ်ကို ချောင်းဦး PDF များက မိုင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်ရာမှ သားအမိနှစ်ဦးအပါအဝင် ခရီးသွားပြည်သူစုစုပေါင်း သုံးဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။




ဖြစ်စဥ်မှာ မတ်လ ၄ ရက် ညနေ ၃ နာရီခန့်က တပ်မတော်စစ်ကြောင်းကားများကို ချောင်းမြောင်းတိုက်ခိုက်နေသည့် ချောင်းဦး PDF များက ချောင်းဦးဘက်သို့ မောင်းနှင်လာသည့် ကောင်းကင်ယံခရီးသည်တင်ယာဉ်ကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် PDF တပ်ပေါင်းစုမှ တပ်မတော်သားများလိုက်ပါလာသည်ဟုဆိုကာ မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မုံရွာမြို့နေ အသက် (၂၇)နှစ်အရွယ် မမေသရဖီဦးတွင် ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးကာ ရင်သွေးငယ်(သားငယ်ဟု သိရသော်လည်း မီဒီယာအများစုက သမီးငယ်ဟု ဖော်ပြနေ) ဖြစ်သူ အသက် ၂ နှစ်ခန့်အရွယ် ကလေးငယ်တွင်လည်း ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ချိန်တွင် သေဆုံးခဲ့သည်ဟု ကနဦး သိရသည်။ ထို့အပြင် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးလည်း ကျည်ထိ သေဆုံးခဲ့ပြီး ကားပေါ်ပါလာသည့် အသက် ၄၀ ဝန်းကျင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့လည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။





အဆိုပါ မုံရွာ – မန္တလေး လမ်းပိုင်းတွင် ချောင်းဦး PDF များ မိုင်းဆွဲတိုက်ခိုက်သည်မှာ ကောင်းကင်ယံကားတစ်စီးတည်းမဟုတ်ဘဲ အခြားအဝေးပြေးယာဥ်တစ်စီးလည်း ပါဝင်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်ကြောင့် မုံရွာဘက်သို့ သွားလာနေသည့် ခရီးသည်ကားအများစုမှာ နတ်ရေကန်တွင် အစီးရာနှင့်ချီ ပိတ်မိနေကြောင်း၊ ယမန်နေ့အထိ ကောင်းကင်ယံခရီးသွားကားကို လာရောက်ဆွဲယူမှုမရှိသေးကြောင်း အဆိုပါလမ်းပိုင်း အသုံးပြုသူများက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်မှုဖြစ်စဥ်ကို ထုတ်ပြန်ပေးမည်ဟု PDF ထောက်ခံသော မီဒီယာများကို ဖြေဆိုထားသော်လည်း ယခုအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်းနှင့် ချောင်းဦး PDF များ၏ မိုင်းခွဲပစ်ခတ်မှုကြောင့် သေဆုံးသည့် မမေသရဖီဦး မိသားစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး သားငယ်နှစ်ဦးရှိကာ NLD ၊ NUG နှင့် PDF ထောက်ခံသူများဖြစ်ကြောင်း ယင်းတို့အသုံးပြုသည့် အကောင့် Profile များတွင် ဖော်ပြထားမှုအရ သိရသည်။
ပုံစာ။ ကောင်းကင်ယံကားကို PDF များ မိုင်းခွဲပစ်ခတ်မှုဖြစ်စဥ်၊ သေဆုံးသူ သားအမိနှင့် ဖြစ်စဥ်အပေါ် ဖော်ပြမှုအချို့ (Photo – CJ)