
၆.၃.၂၀၂၅
Written By Thandar
3H Art Academy က ထုတ်လုပ်တဲ့ လောဘတစ်ခုနောက်ကွယ်မှာ ဖြစ်ပေါ်လာတဲ့ “သွေးမြစ် ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို မတ်လ ၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ အနုပညာ လောကသားများစွာ တက်ရောက်ခဲ့ကြပါတယ်။



“သွေးမြစ်ဆိုတဲ့ ဇာတ်ကားလေးက ပုံမှန်နဲ့ မတူတဲ့ ဇာတ်ကားဖြစ်တယ်။ ကျွန်တော် ရိုက်ကူးမယ့် ကားက ရုံတင်ရငွေလည်း နည်းနိုင်သလို ပရိသတ်ကြိုက်ပါ့မလားဆိုတာကလည်း အာမ မခံနိုင်ဘူး။ ထုတ်လုပ်သူအနေနဲ့ကလည်း ဒီဇာတ်လမ်းကို သူ ကြိုက်တယ်။ ရုံတင်ငွေရတာတွေ၊ မရတာတွေ မတွေးဘဲ ရိုက်ပါဆိုတာနဲ့ ဒီဇာတ်လမ်းကို ရိုက်ကူးဖြစ်တာပါ။ ဒီဇာတ်လမ်းအတွက် ကိုထွန်းထွန်း ကိုယ်တိုင်လည်း အားစိုက်ထုတ်ထားသလို ကျွန်တော် ကိုယ်တိုင်လည်း အများကြီး အားစိုက်ထုတ်ထားတယ်။ ဇာတ်လမ်းအတွက် ရိုက်ကူးမယ့် နေရာကအစ မတူအောင် သေချာလေး ရွေးပြီး ရိုက်ထားတာမို့လို ထွက်လာရင် အားပေးကြပါဦးလို ပြောချင်ပါတယ်”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။




ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဒါရိုက်တာ အောင်ချမ်းလူက လူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ တဏှာ၊ လောဘရမ္မက်နဲ့ အချစ်ကြီးမှု၊ သစ္စာတရားတို့တွေနဲ့ ဇာတ်အိမ်တည်ထားပြီး ၂၀၂၃ ခုနှစ်လောက်က ရိုက်ကူးပုံဖော် ထားတာလည်းဖြစ်ပါတယ်။
သွေးထွက်သံထိုပြကွက်အကြောင်းအရာတွေ ပါဝင်တာမို ၁၃ နှစ်အောက် ကလေးသူငယ်တွေ ကြည့်ရှုဖို့မသင့်တဲ့ကားလို သတ်မှတ်ထားတဲ့ “သွေးမြစ်” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ မေရီမျိုး၊ စွန်ပလွန်မန်နီး၊ ကျော်ဇေယျ စတဲ့သူတွေက ပါဝင်ထားကြပါတယ်။



“သွေးမြစ်” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် မတ်လ ၇ ရက်ကစ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။