
၆.၃.၂၀၂၅
Written By Thandar
လာမယ့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားမှာ ရုပ်ရှင်လောကထဲက နွမ်းပါးပညာရှင်တွေကို ငွေသားကံစမ်းမဲတွေဖောက်ပေးမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကိုပြောပါတယ်။


“ကျွန်တော် ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်ပတ်လည်နေ့ကတော့ လာမယ့် မတ်လ ၈ ရက်ဆိုရင်တော့ ၇၉ နှစ် ပြည့်ပါပြီ။ မနှစ်ကတော့ တစ်ကြိမ်ကျင်းပဖြစ်ခဲ့တဲ့ အရင်နှစ်တွေကတော့ တစ်ခါမှမလုပ်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လက်ထက်မှ ပြန်ဖော်ထုတ်ပြီးလုပ်ဖြစ်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ ရုပ်ရှင်အစည်းအရုံးမှာ သင်တန်းတွေဖွင့်ခဲ့တယ်။ ၁၉၅၀ ကျော်လောက် အစည်းအရုံးမှာ တစ်သက်တာဆုရရှိခဲ့တဲ့ ဦးကြည်စိုးတို့က ပထမဆုံးတက်ရောက်ခဲ့ကြသူတွေပါ။ ရုပ်ရှင်အစည်းအရုံးက ထွက်သွားတဲ့သင်တန်းသားတွေမှ အများကြီးပါပဲ။ နှစ်ကာလအလိုက် ရုပ်ရှင်အစည်းအရုံးမှာ သင်တန်းတက်ခဲ့တဲ့ အားလုံး ဆုံစည်းစေချင်တယ်။ စကားဝိုင်းလေး လုပ်ဖို့ရှိပါတယ်။ ဗီဒီယိုမင်းသားတွေ အများကြီးလည်း ထွက်ခဲ့တဲ့သူတွေလည်း ပြန်တွေ့စေချင်တယ်။ ခေတ်အလိုက်နဲ့ ရွှေကြိုမောင်မယ်တွေကို ပြန်လည်စည်းရုံးစေချင်တာပါ။ ကြေးရုပ်တုကြီးတွေကို ဖွင့်လှစ်မှာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ ကိုယ့်အနုပညာလောကသားတွေကို ပြည်ပအလှူရှင်တစ်ဦးက သိန်း ၂၀၀ မ,တည် လှူဒါန်းထားတာရှိပါတယ်။ နွမ်းပါးတဲ့ လောကသားတွေကို မဲနှိုက်ပေးလှူမှာပါ။ တကယ်နွမ်းပါးသူတွေက မဲနှိုက်ပြီး အခွင့်အရေးကို ယူစေချင်ပါတယ်။ ကိုယ့်ထပ် နွမ်းပါးတဲ့သူတွေကို ရစေချင်ပါတယ်။ အလှူရှင်လည်း ပီတိဖြစ်စေချင်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက MT Entertainment ကို ပြောပါတယ်။



အဆိုပါ နှစ်ပတ်လည်နေ့မှာ နံနက် ၉ နာရီက စတင်ပြီး ရုပ်ရှင်ဖခင်ကြီးများ ကြေးရုပ်နဲ့ ရာပြည့်ရင်ပြင် ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင် ပညာသင်တန်းဆင်းတွေရဲ့ တွေ့ဆုံစကားဝိုင်း၊ ဗီဒီယို ခေတ်သရုပ်ဆောင်တွေရဲ့ တွေ့ဆုံစကားဝိုင်း၊ ခေတ်အဆက်ဆက်ရွှေကြိုမောင်မယ်တွေရဲ့ စကားဝိုင်း၊ ခေတ်ဟောင်းဂန္တဝင်ရုပ်ရှင် “ငဘ” ဇာတ်ကားပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ စတင်တဲ့အနေနဲ့ (ဗလာမပါ နွမ်းပါးပညာရှင်တွေကို ကျပ်တစ်သောင်းကနေ ကျပ်သုံးသိန်းအထိ ကံစမ်းမဲအစီ အစဉ်)၊ ကာရာအိုကေ သီဆိုခြင်း၊ ညနေပိုင်းမှာတော့ နိဗ္ဗာန်ဈေးတွင် ကျွေးမွေးဧည့်ခံခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံများရိုက်ကူးခြင်းနဲ့ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကြည့်ရှုခြင်း အစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအဆောက်အဦးတွေကို ၁၉၄၆ ခုနှစ် မတ်လ ၈ရက်နေ့က ဖွဲ့စည်းတည်ထောင်ခဲ့တာလည်းဖြစ်ပြီး MMPO ရဲ့ ရုပ်ရှင်သမိုင်းကြောင်း အပြည့်အစုံပါဝင်တဲ့ စာအုပ်ထုတ်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ပထမဦးဆုံး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အစဉ်အဆက် သမိုင်းကြောင်း တချို့တွေကိုလည်း ဖော်ထုတ်ရေးသားထားတယ်လို့ သိရပါတယ်။ ၇၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့တာလည်း ဖြစ်ပြီးတော့ လာမယ့် ၂၀၂၆ ခုနှစ်ဆိုရင် မြန်မာ့ရုပ်ရှင်အစည်းအရုံး နှစ် ၈၀ ပြည့်မှာလည်းဖြစ်တဲ့အတွက် ခမ်းနားစွာ ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ပြည်ပ အလှူရှင်တွေက ရုပ်ရှင်လောကသားတွေအတွက် ရုပ်ရှင်အစည်းအရုံးကတစ်ဆင့် လှူဒါန်းမှုတွေ ရှိနေသလို ကိုယ့် အနုပညာလောကသား အချင်းချင်း ပါဝင်လှူဒါန်းမှုလေးတွေရှိလာရင် လိုအပ်ချက်ရှိနေတဲ့ အရာလေး ပို၍ပြီးပြည့်စုံသွားမှာလည်း ဖြစ်ပါတယ်။