၁၈. ၁. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်နှင့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူနှစ်ဦးကို လက်နက်ကိုင်သူများက လာရောက် သတ်ဖြတ်ရာမှ ၈ လသားအရွယ်ကလေးငယ်တစ်ဦးပါ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက် နေ့လည်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံရန် စီစဉ်လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်နှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့ကို ရွေးကောက်ပွဲမဖြစ်စေရန် လိုက်လံတိုက်ခိုက်သတ်ဖြတ်နေသူများက လာရောက်ပစ်ခတ်သတ်ဖြတ်ချိန် အဆိုပါ တိုက်ခိုက်မှုအနီးနေထိုင်သည့် ၈ လသားအရွယ်ကလေးငယ်မှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။
“လာပစ်တာကတော့ အုပ်ချုပ်ရေးမှူးအသစ်နဲ့ အဟောင်းနှစ်ယောက်ကို ပစ်သတ်တာ။ ကလေးငယ်လေးက ကြားကထိသွားတာ။ ကျွန်တော်က သူတို့နှစ်ယောက်စလုံးနဲ့ ရင်းနှီးတော့ သတိနဲ့နေဖို့ ပြောတော့ သူတို့က ရပ်ရွာကောင်းကျိုးလုပ်နေတာလို့ပဲ ပြန်ပြောတာ။ အခုတော့ နှစ်ယောက်စလုံးသေရရှာတာပဲ” ဟု သတ်ဖြတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး၏ မိတ်ဆွေက ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးမှာ နေရာတွင်ပင် ဆုံးပါးခဲ့သော်လည်း ဦးခေါင်းကျည်ထိမှန်သည့် ၈ လသားအရွယ် ကလေးငယ်မှာမူ Save The Trees Rescue Team အကူအညီဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ တင်ပို့ကုသချိန်တွင် ရောက်ရှိစဉ်ပင် ဆုံးပါးခဲ့ခြင်းဖြစ်သည်။ ကျည်ထိမှန်သည့် ကလေးငယ်၏ မိသားစုမှာ အရေးပေါ်ဆေးကုသရမည့်အခြေအနေတွင်ပင် တစ်ကျပ်မှ မတတ်နိုင်သဖြင့် ကူညီမှုအားလုံးကုန်ကျစရိတ်ကို Save The Trees Rescue Team ၏ ကူညီမှုဖြင့်ပင် လုပ်ဆောင်ပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက အသင်း၏ လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်ချက်အဖြစ် လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
SAC အစိုးရက ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို NUG နှင့် PDF များက ပျက်ပြားအောင် ပြုလုပ်မည်ဟု ကမ္ဘာသိအောင် ကြွေးကြော်ထားပြီး ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ခံသည့် ဇန်နဝါရီ ၉ ရက်မှ ၁၇ ရက်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံသူ ၅ ဦးအထက် သတ်ဖြတ်ခံထားရကာ မြောင်မြို့နယ်တွင်လည်း အမျိုးသမီး သုံးဦးပါဝင်သော မြို့နယ်ထွေအုပ်ဝန်ထမ်းလေးဦးကို ဖမ်းဆီးထားသည့်အပြင် တစ်ပတ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုများလည်း ၁၀ ကြိမ်အထက် ပြုလုပ်ထားကာ အဆိုပါ တိုက်ခိုက်မှုအများစုကို NUG ဩဇာခံ PDF များက လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ကြေညာထားသည်။