
၆.၃.၂၀၂၅
Translated by Htwe Ko Tun
အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရီးစ်တွင် ရဲအရာရှိများက ဆန္ဒပြမှုတစ်ရပ်ပြုလုပ်နေသော အငြိမ်းစားများနှင့် ၎င်းတို့အားထောက်ခံသူများကို မတ်လ ၅ ရက်က လူစုခွဲနှိမ်နင်းမှုများပြုရာတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရကြောင်း သိရသည်။


အငြိမ်းစားများက လွှတ်တော်အဆောက်အအုံ အပြင်ဘက်တွင် ပုံမှန်အတိုင်း ဗုဒ္ဓဟူးနေ့များ၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က သမ္မတ ဂျာဗီယာမီလီ၏ အငြိမ်းစားလစာ ပြုပြင်ပြောင်းလဲမှု ရပ်ဆိုင်းခြင်းနှင့် ဆေးဝါးထောက်ပံ့မှုများအတွက် ကုန်ကျစရိတ်ဖြတ်တောက်ခြင်းများ အပါအဝင် အစိုးရ၏ ဆောင်ရွက်ချက်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြလူစုလူဝေးများရှိရာသို့ ရဲအရာရှိများက မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ အဓိကရုဏ်းနှိမ်နင်းရေးတုတ်တိုများ၊ ငရုတ်ကောင်းဖြန်းဘူးများအသုံးပြုလျက် လူစုခွဲရန်ကြိုးစားကြသည်တွင် တိုက်ခိုက်မှုများဖြစ်ခဲ့ရခြင်း ဖြစ်သည်။

အာဂျင်တီးနားနိုင်ငံမှာ ဆယ်စုနှစ်နှင့်ချီ၍ စီးပွားရေးအကျပ်အတည်းတွင် ကျရောက်နေခဲ့ပြီး စီးပွားရေးပညာရှင် မီလီက သမ္မတအဖြစ်တာဝန်ယူချိန်တွင် အစိုးရအသုံးစရိတ်များလျှော့ချရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်။ ၎င်း၏ဆောင်ရွက်ချက်တစ်ခုအဖြစ် အငြိမ်းစားများအတွက် အခွင့်အရေးများကို ဖြတ်တောက်မှုပြုရာတွင် နိုင်ငံအတွင်း ငါးသန်းကျော်ရှိသော အငြိမ်းစားများ၊ ၎င်းတို့၏မိသားစုများနှင့် ၎င်းတို့ကိုထောက်ခံသူများကပါ ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။
Ref- Reuters