
၆.၃. ၂၀၂၅
Written by Nay Moe
ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၈၂ မြို့ကွင်းလမ်း၊ အလယ်ရွာ ကျေးရွာအုပ်စု၊ နွားစဥ်းငုတ်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက ငှက်ပျောသီးများ တင်ဆောင်လာသော မော်တော်ယာဥ်တစ်စီးပေါ်မှ ငှက်ပျောသီးများအောက် ခဲပတ်စက္ကူများဖြင့် ပုံဖျက်သယ်ယူလာသော လက်နတ်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်မှာ တောင်ငူဘက်မှတစ်ဆင့် ငှက်ပျောသီးများ တင်ဆောင်လာသော မော်တော်ယာဥ်ဖြင့် လက်နက်များ ဖွက်ယူသယ်ဆောင်လာကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်းနေချိန် ငှက်ပျောသီးများတင်ဆောင်လာသော မော်တော်ယာဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၈၂ မြို့ကွင်းလမ်း၊ အလယ်ရွာကျေးရွာအုပ်စု၊ နွားစဥ်းငုတ်ကျေးရွာအနီးရောက်ရှိစဥ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ယာဥ်ပေါ်ပါ အမျိုးသား ၃ ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။




ထွက်ပြေးသည့် လက်နက်သယ်ယူသူ ၃ ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးသော်လည်း အမြန်လမ်းပေါ်ဖြစ်သဖြင့် ခရီးသွားပြည်သူများ၏ ယာဥ်များကို မထိမှန်စေရန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရချိန် လွတ်မြောက်သွားကြခြင်းဖြစ်ကြောင်း သိရပြီး ယာဥ်ပေါ်တွင် ငှက်ပျောသီးများအောက် ခဲပတ်စက္ကူဖြင့် ပုံဖျက်သယ်ယူလာသော လက်နက်များ၊ ရေခဲသေတ္တာအဟောင်းအတွင်းမှ ကျည်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် တရားခံများ ဖမ်းဆီးနိုင်ရေး ဆက်လက်ဖော်ထုတ်နေကြောင်း လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရသည်။ (Photo – Credit)