
မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင်သည့်အတွက် များစွာအားရကျေနပ်ကြောင်းပါ ထည့်သွင်းပြောကြား
၆. ၃. ၂၀၂၅
Written by Tha Doe
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia – Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား – မြန်မာ စီးပွားရေးဖိုရမ်အား ယမန်နေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဖိုရမ်တွင် SAC ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားစီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိသော်လည်း အာဆီယံ၊ တရုတ်၊ အိန္ဒိယ ပေါင်းလိုက်မည်ဆိုပါက စျေးကွက်မှာ လူဦးရေ ၃ ဘီလျံကျော်ရှိကြောင်း ရှင်းပြဖိတ်ခေါ်ခဲ့သည်။


ရုရှား – မြန်မာ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အထူးသဖြင့် ယခုလအတွင်း ပဉ္စမအကြိမ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် အောင်မြင်စွာဖြင့် လက်ခံကျင်းပနိုင်ခဲ့ကြောင်း၊ အဆိုပါ ကော်မရှင်အစည်းအဝေးမှနေ၍ ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အထူးသဖြင့် မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင်သည့်အတွက် များစွာအားရကျေနပ်မိပါကြောင်း၊ မိမိတို့ဘက်ကလည်း ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်ထားခြင်းနှင့်အတူ ယနေ့အခမ်းအနား၏ ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်းကြောင့် သဘောတူစာချုပ်ကို မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ အဆွေတော်တို့ကို ဖိတ်ခေါ်လိုပါကြောင်း ထည့်သွင်းပြောကြားသည်။
“နံပါတ်(၁) အချက်ကတော့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်းမှာ အရှေ့နဲ့အနောက်ကို ရှည်လျားစွာ အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာရှိနေတဲ့ မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထဝီအနေအထားကလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရုရှားနိုင်ငံရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ နည်းပညာတွေကိုတော့ ဘယ်လိုမှ သူတို့နှိမ်နင်းလို့ရမှာ မဟုတ် ပါဘူး။ ဒါကြောင့်ခင်ဗျားတို့ရဲ့ ကြွယ်ဝမှုနဲ့နည်းပညာတွေကို ကျွန်တော်တို့ အာရှဒေသမှာ လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်စေလိုတယ်။ ဒီအခွင့်အရေးကို မြန်မာနိုင်ငံက ခင်ဗျားတို့ကို ကျွန်တော်ပေးချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့မလုပ်ခင်မှာ မြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါ။ ဒီမှာလာတဲ့ မြန်မာနိုင်ငံက ပါလာတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးလာတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခင်ဗျားတို့လာမယ်ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ ပကတိအခြေအနေကိုလည်း ဒီထက်ပိုပြီးသိရှိမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာလည်း ခင်ဗျားတို့ကစီးပွားရေးလုပ်တယ်ဆိုတာ ဈေးကွက်ကို ကျွန်တော်တို့က စဉ်းစားရပါတယ်။ မြန်မာနိုင်ငံကလူဦးရေ ၅၁ သန်းပဲရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံတွေရဲ့လူဦးရေက ၂ ဘီလီယံကျော် ၃ ဘီလီယံနီးပါးလောက်ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ခင်ဗျားတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခင်ဗျားတို့ ဈေးကွက်ရှာမလဲဆိုတာလည်း စဉ်းစားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ တစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်တဲ့ တန်ဖိုးမြင့်ပစ္စည်းတွေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ နောက်ခင်ဗျားတို့နိုင်ငံကနေ တိုက်ရိုက်လာပြီးတော့မှ Investment လုပ်ပြီးတော့မှ ခင်ဗျားတို့ရဲ့ နည်းပညာနဲ့ ခင်ဗျားတို့ပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့မှ သွားတဲ့လုပ်ငန်း၊ ဒီနှစ်ခုလုံးကို မြန်မာနိုင်ငံမှာ လာလုပ်မယ်ဆိုရင် ကျွန်တော်ပြောရဲပါတယ်၊ မုချအကျိုးရှိပါလိမ့်မယ်။ မနေ့ကလည်း အဆွေတော်တို့သမ္မတကြီးနဲ့ ကျွန်တော်တွေ့တယ်။ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်နဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးသဘောတူညီချက်ရယူခဲ့တာရှိပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တချို့သော အခက်အခဲတွေကို ခင်ဗျားတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့၊ ဒါတဒင်္ဂသာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအခက်အခဲတွေကို အားလုံးကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အရေးကြီးတာတော့ လုပ်ချင်တယ်ဆိုတဲ့၊ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိတ်ဆွေရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်အားလုံးကို ကြိုဆိုပါကြောင်း ကျွန်တော်ပြောလိုပါတယ်။ လိုအပ်လို့ရှိရင်လည်း မြန်မာနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့နဲ့ ထပ်တွေ့ပါမယ်။ ကျေးဇူးတင်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ရုရှားမီဒီယာများ၏ မေးမြန်းချက်များကို ‘‘ဒီရုရှားရောက်တဲ့အခါမှာ H.E. Vladimir Vladimirovich Putin နဲ့တင် မကဘဲနဲ့ ရုရှားရဲ့လုံခြုံရေးကောင်စီအတွင်းရေးမှူး၊ ပြီးရင် ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားဒူးမားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ မြန်မာ – ရုရှား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးအားလုံးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှားပေါ့ မိတ်ဖက်ဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက်ဆံရေးဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍပေါင်းစုံမှာ အားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ ရုရှား- မြန်မာ MYANMAR- RUSSIAN Business Forum တွေပါတယ်။ သူ့ရဲ့အချိတ်အဆက်တွေလည်းဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေဖြစ်နေမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။ ၁၁၀ မီဂါဝပ်အားရှိတဲ့ နျူကလီယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါ့အပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရအခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကိုအသုံးပြုပြီးတော့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ဗီယက်နမ်မှာရှိတဲ့ ဒါနန်း(Da Nang) ဆိပ်ကမ်း၊ အခြားဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာမှာဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့်အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းအောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိတယ်။ ဒီမလက္ကာရေလက်ကြားဆိုတာက တောင်တရုတ် ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခု ဆက်ပေးထားတာဖြစ်တယ်။ စိန့်ပီတာစဘတ်မှာ မြန်မာ-ရုရှားတွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင်နိုင်ရေးအတွက်ကြောင့် ကောင်စစ်ဝန်ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ်တယ်။ ပြီးရင် ဘီလာရုစ်ကိုသွားမယ်။ ပြန်လာရင် ကျွန်တော်တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ကို သွားမယ်၊ အဲဒီမှာလည်း ကောင်စစ်ဝန်ချုပ်ရုံးအသစ်တစ်ခု ဖွင့်မယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ – ရုရှားဆက်ဆံရေး ပိုမိုခိုင်မာစေဖို့၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။