
၅. ၃ .၂၀၂၅
Written by Hey Mar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအနီး ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောပေါ်ကနေ ကုန်ချနေစဥ် အသက် ၁၉ နှစ်အရွယ် သင်္ဘောလုပ်သားတစ်ဦး လှိုင်မြစ်ထဲ ပြုတ်ကျခဲ့ပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ် အခု မတ်လ ၅ ရက် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရအသင်းထံကနေ သိရပါတယ်။
အဆိုပါ သင်္ဘောလုပ်သား ပြုတ်ကျစဉ် လုပ်ဖော် ကိုင်ဘက်နှစ်ဦးက ရေထဲခုန်ဆင်းကာ ချက်ချင်းလိုက်လံရှာဖွေပေမယ့် ရေစီးနှင့်မျောပါကာ သင်္ဘောဝမ်းဗိုက်အောက်ထဲ ရောက်ရှိခဲ့တယ်လို့ ယူဆရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ပြုတ်ကျချိန် လုပ်ဖော်ကိုင်ဘက် ၂ ဦး အသက်အန္တရာယ်ကြားက လိုက်လံကယ်ဆယ်ပေမယ့် ရေစီးသန်နေတဲ့အတွက်ကြောင့် သူတို့ ၂ ဦးတောင် ကံကောင်းပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ပြန်မတွေ့သေးပါဘူး ။ ဒီနေ့အတွက် ရှာဖွေကယ်ဆယ်မှု ည ၉ နာရီကျော်မှာ ရပ်နားခဲ့ပါတယ်”လို့ ကနောင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT Newsကို ပြောပါတယ်။