
၅. ၃. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ မြိုင် PDF လက်နက်ကိုင်များ၏ စခန်းများကို လေကြောင်းတိုက်ခိုက်မည်ဟု သတင်းရထားသောကြောင့် PDF စခန်းများ အမြန်ရွှေ့ရန် မြိုင်ပကဖ သတိပေးထားသည်။
အဆိုပါ ညွှန်ကြားချက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဧရာဝတီသတင်းဌာန တင်ဆက်ခဲ့သည့် အညာဒူဘိုင်းဆောင်းပါးတွင် မြိုင် ပသုံးလုံးများက ရေနံတွင်းတူးကာ၊အခွန်ကောက်ခြင်း၊ ပြည့်တန်ဆာခန်းနှင့် KTV ဖွင့်ငွေရှာနေကြောင်း၊ KIA နှင့် NUG ခေါင်းဆောင်များလာပါက ပြည့်တန်ဆာများနှင့် ဧည့်ခံရကြောင်းနှင့် အဆိုပါ လုပ်ငန်းများမှ တစ်ရက် သိန်း ၁၅၀၀၀ ပတ်လည် ဝင်ငွေရနေကြောင်း သုံးသပ် ဖော်ထုတ်မှုများရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် PDF များ သိမ်းယူစခန်းချနေသော ဆုံကုန်းရွာဦးဘုန်းကြီးတွင် မင်္ဂလာဆောင်သည့် ရေနံတွင်းအခွန်ကောက်ခံသူ PDF ခေါင်းဆောင်ကမ္ဘာကျော်၏ မင်္ဂလာဆောင်ကို ဗုံးကြဲခြင်းနှင့် မတ်လ ၃ ရက်တွင် လက်ပံတိုရေနံမြေအပါအဝင် ရွာ ၉ ရွာကို ဗုံးကြဲခြင်းများကြောင့် လူဆယ်ချီသေဆုံးခဲ့ရသဖြင့် ထိုသို့ ညွှန်ကြားလာခြင်းဖြစ်သည်။
ထို့ပြင် မတ်လ ၄ ရက် မနက် ၉ နာရီ ၃၅ မိနစ် အချိန်ခန့်နှင့် ၁ဝ နာရီခန့်အချိန်တွင်လည်း ပခုက္ကူခရိုင် ၊ မြိုင်မြိုနယ်၊ ကိုင်းရိုးရွာအနီးနှင့် ဆင်စိန်ရွာမှ PDF များ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနှစ်စီးနှင့် တိုက်ခိုက်၍ PDF နှစ်ဦး ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် မိမိတို့မြို့နယ်နှင့် ထိစပ်မြို့နယ်များတွင်ရှိသော PDF များ၏ စခန်းများကို လခရဘက်မှ အသွင်ယူနေသော တပ်ဖွဲ့ဝင် အမျိုးသား/အမျိုးသမီး ပေါင်း (၈) ဦးမှ ခန့်မှန်းမြေပုံညွှန်းများနှင့် စခန်းတည်နေရာများ ပေးပို့ပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားမည်ဟု PDF အားပေး ဖရဲသီးအတွင်းသတင်းပေးမှ ဖုန်း၊ မက်ဆေ့များဖြင့် ပေးပို့ချက်အရ သိရှိရကြောင်းနှင့် ထိုသို့ ပေးပို့ချက်မှာလည်း ၄.၃.၂၀၂၅ ရက်နေ့မှ ၇.၃.၂၀၂၅ ရက်နေ့အတွင်း အမြန် (အမြန်) တိုက်ခိုက်ရန်ဖြစ်သည်ဟု တိကျစွာသိရှိရပြီး ယခင်က တိုက်ခိုက်မှုများတွင်လည်း မပြုလုပ်မီရက်များက မိမိတို့အဖွဲ့အစည်းများထံသို့ မြေပုံညွှန်းများ ပေးပို့ထားရှိခဲ့သော်လည်း လိုက်နာမှုမရှိ၍ မလိုလားအပ်ဘဲ များစွာအသက်ဆုံးရှုံးခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ကြရသည်ဟု မြိုင်ပကဖကဆိုသည်။
ထို့အတွက် PDF များ၏ စခန်းများအား တပ်ဖွဲ့ဝင်ဧည့်စိမ်း/အခြားပြည်သူများ ဝင်ရောက်မှု ရှိခြင်းကြောင့် သတင်းပေါက်ကြားမှုရှိသည်ဟု ယူဆပါက စခန်းများ အလျင်စလို ပြောင်းရွေ့သွားရန်၊ အသွင်ယူနေသောသူများကိုလည်း အလွယ်တကူ ဖမ်းဆီးထိန်းသိမ်းနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာနှင့် ဓာတ်ပုံများရရှိစေရေး ကြိုးစားဆောင်ရွက်လျှက်ရှိပြီး ရရှိပါက အချိန်နှင့်တစ်ပြေးညီ ကာကွယ်ရေးအဖွဲ့အစည်းများထံသို့ ဆက်လက်၍ ဖြန့်ဝေပေးပို့သွားရန်၊ လက်ရှိမြေပြင်တွင်လည်း သင်္ကာမကင်းသည့်နေရာများနှင့် ပတ်သက်ဆက်နွယ်နိုင်သော ပုဂ္ဂိုလ်များကိုလည်း စနစ်တကျ ကွင်းဆင်း ဆောင်ရွက်နေကြပြီး အဖွဲ့အစည်းများအနေဖြင့်လည်း အရိပ်အခြည်အကဲခတ်မှု မပြတ်ဆောင်ရွက်ရန်၊ ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိသော တစ်ဦးတစ်ယောက်၏ လက်ကိုင်ဖုန်း/လက်တော့ပ်များတွင် စစ်သုံးမြေပုံများ စစ်ဆေးတွေ့ရှိပါက ခေါ်ယူမေးမြန်းပြီး ကျွမ်းကျင်သူများနှင့်ပြသ၍ အသိသတိပေး မသုံးဆောင်ကြရန် ပြောဆိုကြရန်၊ ထိုသူများသည် များသောအားဖြင့် အသွင်ယူသော ပုဂ္ဂိုလ်များ ဖြစ်နိုင်သောကြောင့် အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုရန် လိုအပ်မည်ဖြစ်ပြီး ယုံကြည်လောက်သော အထောက်အထားမပြသနိုင်ပါက စနစ်တကျ ချုပ်နှောင်ထိန်းသိမ်း စစ်ဆေးရန်နှင့် ဖရဲသီး၏ အတွင်းသတင်းပေးပို့မှုကြောင့် မိမိမြို့နယ်နှင့် ထိစပ်မြို့နယ်များရှိစခန်းများအား လေကြောင်းတိုက်ခိုက်မှု ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်သွားမည်ကို သိရှိရကြောင်းနှင့် လုံခြုံရေးစိတ်ချရမှုမရှိသော စခန်းများ အမြန်ပြောင်းရွှေ့နိုင်ရေး မြိုင်ပကဖက သတိပေးထားသည်။