၁၈. ၁. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့အသက်အကြီးဆုံးဖြစ်သည့် ပြင်သစ် ကက်သလစ် သီလရှင် စစ်စတာ အန်ဒရေသည် ပြင်သစ်နိုင်ငံ တောင်ပိုင်း တူလွန်မြို့တွင် အင်္ဂါနေ့ (ဇန်နဝါရီ ၁၇ရက်)၌ အသက် ၁၁၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
မြို့တော်ဝန် ဟူးဘတ် ဖယ်လ်ကိုက သူမသေဆုံးမှုသတင်းကို တွစ်တာတွင် ကြေညာခဲ့ပြီး “ကမ္ဘာ့အသက်အကြီးဆုံး စစ်စတာ အန်ဒရေ ကွယ်လွန်ခဲ့တယ်ဆိုတာ ဒီနေ့ညမှာ ကျွန်တော်သိခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
စစ်စတာ အန်ဒရေကို ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် တွင် မွေးဖွားခဲ့ပြီး သူမဘဝ၏ အချိန်အများစုကို ဘာသာရေးလုပ်ငန်းများအတွက် မြှုပ်နှံထားခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သော ဂင်းနစ်မှတ်တမ်းအရ သိရသည်။
ကက်သလစ်သီလရှင် မဖြစ်လာခင် ဒုတိယကမ္ဘာစစ်အတွင်း ကလေးများကို ပြုစုစောင့်ရှောက်ခဲ့ပြီး ဆေးရုံများတွင် မိဘမဲ့နှင့် သက်ကြီးရွယ်အိုများကို ၂၈ နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့ကြောင်း သိရသည်။
ဂင်းနစ်မှတ်တမ်းများအရ သူမသည် အသက်အရွယ် အကြီးဆုံး သီလရှင်လည်းဖြစ်သည်။
၂၀၂၂ ခုနှစ် ဧပြီ ၁၉ ရက်နေ့က အသက် ၁၁၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသည့် ဂျပန်အမျိုးသမီး ကိန်း တာနာကာ ကွယ်လွန်ပြီးနောက် စစ်စတာ အန်ဒရေသည် ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာခဲ့ခြင်း ဖြစ်သည်။
Ref; CNN