
သတ်ဖြတ်သူများမှာ 575 လူမိုက်ဂိုဏ်းမှမြန်မာနိုင်ငံသားများ ဟုရေးသားနေခြင်း မှားယွင်းနေပြီး ထိုင်းနိုင်ငံသားများဖြစ်နေ
၅.၃.၂၀၂၅
Written By Zun

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင်လည်းနေထိုင်သည့် ထိုင်းယိုင်(ရှမ်း)လူမျိုးလူငယ် ၈ ဦးက ထိုင်းလူငယ်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှု ယမန်နေ့ မတ်လ ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် မူလက မြန်မာနိုင်ငံသားများဟု သတင်းမှားယွင်းဖော်ပြခဲ့သော ထိုင်းယိုင် (ရှမ်း) လူငယ် ၈ ဦးက အုပ်စုဖွဲ့၍ ယမန်နေ့ မတ်လ ၄ ရက် နံနက် ၄ နာရီအချိန်က ချင်းမိုင်မြို့၊ ပတူချင်းမိုင်ဈေး၌ ထိုင်းလူငယ်တစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ထိုင်းယိုင် (ရှမ်း) လူငယ် ၈ ဦးက ဘိလိယက်ထိုးနေစဉ် တစ်ဖက်ခြမ်းရှိနေသည့် ဓားဒဏ်ရာဖြင့်သေဆုံးသူ ထိုင်းလူငယ်နှင့် အချင်းချင်း အကြည့်ဆုံမိရာမှ ရန်ငြိုးစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူက ယင်းသို့ ဖြစ် ပေါ်မှုကို စိုးရိမ်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့များ ရောက်လာသောအချိန် ရန်ပွဲ မဖြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ ထိုင်းလူငယ်အပါအဝင် သူငယ်ချင်း ၅ ဦး အပြင်ထွက်လာပြီး ပတူချင်းမိုင် ဈေးအနီးထိုင်နေစဉ် ရန်ငြိုးရှိနေသော ထိုင်းယိုင်(ရှမ်း) လူငယ်အုပ်စုက နောက်ကလိုက်လာခဲ့ကာ အုပ်စုဖြင့်ဝိုင်းရိုက်ခဲ့သည့်အတွက် ထိုင်းလူငယ်အဖွဲ့က ခုခံထွက်ပြေးကြကြောင်း သိရသည်။





ယင်းသို့ ဖြစ်ပြီးနောက် ထိုင်းလူငယ်များက ဈေး ဒုတိယအထပ်တွင် ပုန်းနေစဉ် ထိုင်းယိုင်လူငယ်များက နောက်က ထပ်လိုက်လာပြီး ဝိုင်းရိုက်ခဲ့သဖြင့် အသက် ၁၈ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦး၏ ညာဘက်ရင်ဘတ်တွင် ဓားဒဏ်ရာရရှိသေဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ထွက်ပြေးသွားသော ယင်း ၈ ဦးပါအဖွဲ့ကို လိုက်လံစစ်ဆေးခဲ့ရာ မတ်လ ၄ ရက် ညနေ ၂ နာရီခန့်တွင် စန်စိုင်းနှင့်ဆာလဖီရပ်ကွက်များတွင် ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းလူငယ်အုပ်စုမှာ 575 ထိုင်းယိုင်လူငယ်ဂိုဏ်းမှဖြစ်ပြီး ချင်းမိုင်မြို့ နေရာအသီးသီးက လူငယ်များဖြင့် ဖွဲ့ စည်းထားသော ထိုင်းနိုင်ငံသားများဖြစ်ကြောင်း၊ ထိုင်းယိုင် (ရှမ်း) လူမျိုးများသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သော လူမျိုးစုဖြစ်ကာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်လည်း နေထိုင်ကြကြောင်း သိရသည်။
ဖမ်းမိသူများအား စစ်ဆေးရာ ရန်ပွဲတွင် အသုံးပြုခဲ့သော ဓားနှင့် အခြားလက်နက်များကို ပင်မြစ်အတွင်း လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုကြကြောင်း ၊ ယင်းတို့ကို လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသော ကျန်လူငယ် ၂ ဦးကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Sources-MGR Online – CH 7