
၅.၃.၂၀၂၅
Written by Shwe Phyo
ရုရှားသမ္မတပူတင်သည် မေလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ၌ကျင်းပမည့် ရုရှားက ဂျာမနီနာဇီကို အနိုင်ရခဲ့သည့် ဒုတိယကမ္ဘာစစ် စစ်နိုင်ပွဲအခမ်းအနားကို တက်ရောက်ရန် SAC အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့သလို ရုရှားနိုင်ငံရင်ပြင်နီတွင်ကျင်းပမည့် စစ်နိုင်ပွဲ အထိမ်းမှတ်စစ်ရေးပြပွဲတွင် မြန်မာတပ်မတော်မှ အဖွဲ့တစ်ဖွဲ့ ပူးပေါင်းပါဝင်ရန် ဖိတ်ကြားခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။
အဆိုပါ ဖိတ်ခေါ်မှုကို ရုရှားသမ္မတပူတင်သည် မတ်လ ၄ ရက်နေ့က ကရင်မလင်နန်းတော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း မေလ ၉ ရက်နေ့ ကျင်းပမည့် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲအခမ်းအနားကိုတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က “ကျွန်တော်ဟာ ၁၉၄၁ ခုနှစ်က ၁၉၄၅ ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ် စစ်နိုင်ပွဲ နှစ် ၈၀ ပြည့် အောင်ပွဲအခမ်းအနားကိုတက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာ့တပ်မတော်က တပ်ဖွဲ့တစ်ဖွဲ့ဟာ ရုရှားတပ်မတော်နဲ့အတူ ရင်ပြင်နီမှာကျင်းပမယ့် စစ်ရေးပြအခမ်းအနားကိုလည်း ပူးပေါင်းပါဝင်ဖွယ်ရှိပါတယ် ” ဟုပြောသည်။
ရုရှားသည် မော်စကိုမြို့တွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ် စစ်နိုင်ပွဲအခမ်းနားကို တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
ထို့အတူ မွန်ဂိုလီးယားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံအပါအဝင် ရုရှားနိုင်ငံ၏ မိတ်ဖက်နိုင်ငံများမှ တပ်မတော်သားများသည် မော်စကိုမြို့ ရင်ပြင်နီတွင်ကျင်းပမည့် စစ်ရေးပြအခမ်းအနားကို ပူးပေါင်းပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။
ရုရှားသမ္မတပူတင်နှင့် SAC အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်အတွက် သဘောတူညီမှုစာချုပ် ၁၀ ခုကို လည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတပူတင်တို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော စာချုပ် ၁၀ ခုထဲတွင် ပညာရေးအရည်အချင်းနှင့် ဘွဲ့ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူစာချုပ်၊ အကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြိး အပြန်အလှန် သဘောတူညီမှုစာချုပ်၊ မြန်မာနိုင်ငံတွင် အသေးစား နျူကလီးယား စက်ရုံတည်ဆောက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေခံမူစာချုပ်၊ ရုရှားနှင့်မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကြား အပြန်အလှန်နားလည်မှုစာချွန်လွှာစာချုပ်၊ ရုရှားအားကစားဝန်ကြီးဌာနနှင့် မြန်မာအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးကင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသော ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူညီချက်စာချုပ် (မူကြမ်း)၊ မြန်မာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် State Corporation for Space Activities Roscosmos ဌာနတို့ကြား အပြန်အလှန် နားလည်မှုစာချွန်လွှာစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
REf TASS