
၅.၃.၂၀၂၅.
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ လေတပ်မှ ပျောက်ဆုံးလျက်ရှိတဲ့ FA-50 ဂျက် တိုက်လေယာဉ်အတွင်းမှ လေယာဉ်မှူးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဘူကစ်နွန်ပြည်နယ်အတွင်း၊ ကာလာတွန်ဂမ် တောင်တန်းပေါ်ကို ပျက်ကျသွားတဲ့ လေယာဉ်နုဲ့အတူ မတ်လ ၅ ရက်မှာ ပြန်လည်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်တပ်ဖွဲ့တွေရဲ့ မင်ဒါနာအို အရှေ့ပိုင်းစစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး လူးဝစ် ရက်စ်ဘာဂန်တီက လေယာဉ်မှူးတွေရဲ့ ရုပ်အလောင်းတွေကို လေယာဉ်ပျက်အတွင်းမှ မတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်မှာ ပြန်တွေ့ ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။
FA-50 ဂျက် တိုက်လေယာဉ်က မတ်လ ၄ ရက် ည သန်းခေါင်ယံအကျော်အချိန်မှာ ညဘက်နည်းဗျူဟာ စစ်ဆင်ရေးတစ်ခုအတွင်း ပျောက်ဆုံးသွားခဲ့တာလို့လည်း လေတပ်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
လေယာဉ်မှူးနှစ်ဦးမောင်းနှင်လာတဲ့ FA-50 တိုက်လေယာဉ်က စီဘူးမြို့ မက်တန်လေတပ်စခန်းမှာ ပြန်လည်ဆင်းသက်မှာပါ။ ဒါပေမယ့် ဆင်းသက်မယ့်နေရာမရောက်ခင် လေယာဉ်က အဆက်အသွယ်ပြတ်သွားခဲ့တာပါ။
ဖိလစ်ပိုင်လေတပ်မှာ ကျန်ရှိတဲ့ FA-50 ဂျက် တိုက်လေယာဉ်အုပ်စုကိုလည်း အနားပေးထားမှာဖြစ်ပြီး လေယာဉ်ပျက်ကျမှုအပေါ် ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ ဖိလစ်ပိုင်လေတပ်အတွင်း FA-50 လေယာဉ် ၁၁ စီး တာဝန်ထမ်းနေဆဲပါ။
FA-50 ဂျက်တိုက်လေယာဉ်တွေကို တောင်ကိုရီးယားနိုင်ငံရဲ့ Korea Aerospace Industries လုပ်ငန်းမှ ပီဆို ၁၈ ဒသမ ၉ ဘီလျံနဲ့ ရခဲ့တာလို့ သိရပါတယ်။
Ref- inquirernet