
၅. ၃. ၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ်မှာ အခု မတ်လဆန်းအတွင်း အမျိုးသမီး ၄ ဦး အကြမ်းဖက် သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်း သတင်းတွေနဲ့ ဒေသခံတချို့ထံကနေ သိရပါတယ်။


ဖြစ်စဉ်တွေက မတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ဖြစ်ပွားခဲ့ပြီး မတ်လ ၁ ရက်နေ့ ဖြစ်စဉ်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသားတစ်ဦးက အသက် ၂၅ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားနဲ့လည်ပင်းကို ခုတ်သတ်ခဲ့တာကြောင့် အမျိုးသမီးနေရာတင်သေဆုံးခဲ့တာပါ။ မတ်လ ၃ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ချမ်းသာကြီး ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်မှာ အမျိုးသားဖြစ်သူက အရက်မူးပြီး မိန်းမကို ပုဆိန်နဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့ပြီး ပုဆိန်နဲ့ ခေါင်းကို သုံးချက်အခုတ်ခံရလို့ အသက်သုံးဆယ်ကျော်အမျိုးသမီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့မှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်က မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် (၆) ကျောင်းရှေ့ကအမှိုက်ပုံမှာ ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့အလောင်းကို ရပ်ကွက်နေ ပြည်သူများတွေ့ရှိကာ သက်ဆိုင်ရာကို ဆက်သွယ်လာတာဖြစ်ပြီး အဆိုပါအမျိုးသမီးရဲ့ မျက်နှာမှာ အနည်းငယ် ပျက်စီးစပြုနေပြီဖြစ်တယ်လို့လည်း ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဒီနေ့ မတ်လ ၅ရက်နေ့ မနက်ပိုင်းမှာလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ အမှတ် (၅) ရပ်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာ ၆ ချက်နဲ့ သတ်ဖြတ်ခံထားရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြန်တယ်လို့ သိရှိရပါတယ်။
သတ်ဖြတ်ခံထားရတာက မတ်လ ၄ ရက်နေ့ ညပိုင်းကတည်းက ဖြစ်နိုင်ပြီး ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရကြောင်း မိသားစုဝင်တွေက သက်ဆိုင်ရာထံ အကြောင်းကြားတာကြောင့် သက်ဆိုင်ရာက မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကို ရုပ်အလောင်း လာရောက်သယ်ဆောင်ပေးဖို့ ဆက်သွယ်ခေါ်ယူခဲ့ကာ အသင်းက အဆိုပါ သတ်ဖြတ်ခံရတဲ့ အသက်လေးဆယ်ကျော် အမျိုးသမီးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ဝိုင်းမော်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။