
၅.၃ .၂၀၂၅
Written by Hey Mar
အရက်သေစာသောက်စားပြီး အမျိုးသားသုံးယောက် အတူပြန်လာရင်း စကားများရာက ဓားထိုးမှုဖြစ်လို့ တစ်ဦးသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိကာ ကျူးလွန်သူတစ်ဦး ထွက်ပြေးနေတဲ့ ဖြစ်စဉ် မနေ့က မတ်လ ၄ ရက်နေ့ ည ၉ နာရီကျော်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အလယ်ရွာကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း သေဆုံးသူအမျိုးသားမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အလယ်ရွာ ကျေးရွာမှာ နေထိုင်သူလို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာက ဒေသခံလူမှုကူညီရေးအသင်းထံ အကြောင်းကြားကာ ဆေးရုံပို့ပေးဖို့ ညွှန်ကြားတာကြောင့် ကူညီပေးတဲ့အဖွဲ့က လှိုင်သာယာမြို့နယ်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့လို့ တက်ရောက်ဆေးကုသချိန် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးတယ်လို့ သိရပါတယ်။
မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက” ဒဏ်ရာက ဘယ်ဘက် ချိုင်းအောက်က နံကြားက ထိုးခံရတဲ့ ဒဏ်ရာ။ နောက် ဘယ်ဘက်ပဲ ဝမ်းဗိုက်ဘေး ဒဏ်ရာ နှစ်ချက် ရထားတာပါ။ သူတို့အိမ်နားမှာပဲ ဖြစ်ကြတာလို့ ကြားတယ်။ ထိုးတဲ့သူကပြေးသွားတယ်။ သက်ဆိုင်ရာက ညွှန်ကြားလို့ ဆေးရုံတင်ပို့ပေးခဲ့တာပါ” လို့ ဖြစ်စဉ်ကို MT News ကို ပြောပါတယ်။