၁၈. ၁. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ မောင့်ခရိုင် ဆာမွတ်ဆောင်ခရမ် ဒေသရှိ မဲကလောင်မြစ် သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် ရပ်နားထားသော ရေနံတင်သင်္ဘောတစ်စီး ဇန်နဝါရီ ၁၇ ရက်က ပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောကျင်းအလုပ်သမား တစ်ဦးသေဆုံးခဲ့ပြီး မြန်မာနိုင်ငံသား သုံးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာရခဲ့သလို ထိုင်းနိုင်ငံသားတစ်ဦးနှင့်အခြား မြန်မာနိုင်ငံသား ခြောက်ဦးပျောက်ဆုံးလျက်ရှိနေကြောင်း မောင့်ခရိုင်အုပ်ချုပ်ရေးမှူး Somnuk Promkaew ကပြောသည်။
Smooth Sea 22အမည်ရှိ ရေနံတင်သင်္ဘာပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမား ၈ ဦးပျောက်ဆုံးနေပြီး အိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း အစောပိုင်းကသတင်းများထွက်ပေါ်ခဲ့သည်။ အလေးချိန် ၆၅၀၀ တန်ချိန်ရှိ ရေနံသင်္ဘောသည် Ruammitr သင်္ဘောကျင်းတွင် ပုံမှန်အတိုင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့ကြောင်း၊ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားသည့်အသံကို နေရာခပ်ဝေးဝေးက ကျယ်လောင်သည့်အသံကို ကြားသိရခဲ့သလို သင်္ဘာကျင်းအနီးရှိ အိမ်များ၏ မှန်ပြတင်းပေါက်များ ကွဲခဲ့ရကြောင်း မောင့်ခရိုင်အုပ်ချုပ်ရေးမှူးကပြောသည်။
သင်္ဘောကျင်းတွင် သင်္ဘောကို ဂဟေဆော်နေချိန်အတွင်း ပေါက်ကွဲမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က သင်္ဘောပေါ်တွင် အလုပ်သမား ၁၀ဦးခန့်ရှိနေပြီး ကျန်အလုပ်သမား ၃၀ ဦးက ကမ်းပေါ်တွင်ရှိနေခဲ့သည်။
ရေနံတင်သင်္ဘောပေါက်ကွဲ မီးလောင်မှုကြောင့် အလုပ်သမားတစ်ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သော အလုပ်သမား၏ ညာဖက်ခြေထောက်ကို ဆိုက်ကပ်ထားသော သင်္ဘောမှ မီတာ ၅၀၀ အကွာအဝေးတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များကဆိုသည်။ ထို့အပြင် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားအလုပ်သမား သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ ပျောက်ဆုံးနေသည့် ၇ ဦးတွင်မြန်မာနိုင်ငံသား ၆ ဦးနှင့်ထိုင်းနိုင်ငံသားတစ်ဦးတို့ ပါဝင်ကြောင်း မောင့်ခရိုင်အုပ်ချုပ်ရေးမှူးကပြောသည်။
ပေါက်ကွဲမီးလောင်မှုဖြစ်ပွားချိန်တွင် သင်္ဘောပေါ်တွင်ရေနံနှင့် ဒီဇယ်များမပါဝင်ကြောင်း အစောပိုင်းကသတင်းများထွက်ပေါ်ခဲ့သော်လည်း သင်္ဘောပေါ်တွင် ရေနံ ၂၅၀၀၀ လီတာနှင့် ဒီဇယ် ၂၀၀၀၀ လီတာရှိနေခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်အတွက် သင်္ဘောကျင်းတွင် ဆိုက်ကပ်ကာ ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများကထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုင်းရေကြောင်းဌာနက သင်္ဘောပေါ်တွင် မီးလောင်မှုများကို ထိန်းသိမ်းနိုင်ရန်အတွက် တစ်နာရီကြာ ကြိုးပမ်းခဲ့ရကြောင်း၊ ပေါက်ကွဲ မီးလောင်မှုဖြစ်ပွားရသည့်အသေးစိတ်အခြေနေများကို အသေးစိတ်ထပ်မံစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ref thairat news