
၅.၃.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်သမားနှစ်ဦးက ဖောက်ခွဲရေးပစ္စည်းများအပြည့်တင်ဆောင်ထားသော ကားနှစ်စီးကို နိုင်ငံအနောက်မြောက်ပိုင်း၊နယ်စပ်ပြည်နယ်ဖြစ်သော ခိုင်ဘာပက်တွန်ကွာ ပြည်နယ်တွင် လုံခြုံရေးအဆောက်အအုံတစ်ခုအတွင်းသို့ မောင်းဝင်၍ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် မတ်လ ၄ ရက်က ပြုလုပ်ခဲ့ရာ ကလေးခုနစ်ဦးအပါအဝင် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲများကပြောခဲ့ကြသည်။


ဒေသခံများက ရာမဒန်ဥပုသ်လပြီးမြောက်ပြီးနောက် ဒေသခံဈေးရှိ ဈေးဆိုင်များတွင် ဈေးသည်များ ပြည့်နှက်နေချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုက ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပြီး အနည်းဆုံး လူ ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဆရာဝန်များက ပြောခဲ့သည်။
တာဝန်ရှိသူများက စစ်သွေးကြွများက အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်အပြီးတွင် စစ်ဘက်အဆောက်အအုံအတွင်းသို့လည်း ဝင်ရောက်ရန်ကြိုးစားခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့များက တားဆီးနိုင်ခဲ့ကြောင်း ပြောခဲ့ကြသည်။
ဆေးရုံပြောရေးဆိုခွင့်ရှိသူက ဒဏ်ရာရအရပ်သားအားလုံးမှာ ပေါက်ကွဲမှုကြောင့် အဆောက်အအုံများ နှင့်နံရံများ ပြိုကျခြင်းတို့ကြောင့်ဖြစ်ပြီး ကလေးခုနစ်ဦးမှာမူ သေဆုံးခဲ့သည်ဟု ပြောခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့ ဝင်များက အဆောက်အအုံအပျက်အစီးများအောက်တွင် ထိခိုက်ဒဏ်ရာရသူများရောက်ရှိနေနိုင်သဖြင့် ထပ်မံရှာဖွေနေကြောင်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ထိုအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို မည်သည့်အဖွဲ့ကဆောင်ရွက်ခဲ့သည်ကို လတ်တလောမသိခဲ့ရသော်လည်း ထပ်မံရရှိသောသတင်းများအရ ပါကစ္စတန်တာလီဘန်အဖွဲ့က ၎င်းတို့၏လက်ချက်ဟုပြောခဲဲ့သည်။
ထို့ပြင် စစ်သွေးကြွအဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားကိုလည်း သတ်ဖြတ်နိုင်ခဲ့ကြောင်းပြောခဲ့ကြသည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့များက ထိုပြောကြားချက်ကို တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပေ။
Ref- Reuters