
၅.၃.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလမှာ စတင်ပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံရဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောခဲ့ကြတယ်လို့ Thai Newsroom သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နှစ်နိုင်ငံအစိုးရတွေဟာ ရုရှားနိုင်ငံရဲ့ ကုန်ထုတ်စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာ လုပ်ကိုင်ဖို့ မြန်မာအလုပ်သမားတွေစေလွှတ်နိုင်ဖို့ နားလည်မှုစာချွန်လွှာတစ်ရပ်အရ ဆောင်ရွက်နေကြတာဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ပထမအသုတ်အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မြန်မာအလုပ်သမား ၁၀,၀၀၀ ခန့် သွားရောက်လုပ်ကိုင်မှာလည်းဖြစ်တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်က အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နဲ့ ကုမ္ပဏီညွှန်ကြားရေးမှူးတွေဟာ အလုပ်သမားအေဂျင်စီတွေနဲ့ တွေ့ဆုံကြရာမှာ မြန်မာနဲ့ရုရှားတို့အကြား နားလည်မှုစာချွန်လွှာအများအပြား လက်မှတ်ထိုးခဲ့တဲ့အနက် တစ်ခုက ရုရှားနိုင်ငံသို့ အလုပ်သမားတွေစေလွှတ်ရေးအတွက်ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
အလုပ်သမားအေဂျင်စီလေးခုက သူတို့အနေနဲ့ ရုရှားကုမ္ပဏီတွေဆီက အလုပ်အကိုင်ကမ်းလှမ်းမှုတွေ ရခဲ့ပြီ။ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အေဂျင်စီဝန်ဆောင်ခ ဒါမှမဟုတ် တခြား ကုန်ကျစရိတ်တွေ ပေးဖို့ မလိုပါဖူးလို့လည်း သူတို့ကပြောခဲ့ကြတယ်လို့ သိရပါတယ်။ အေဂျင်စီဝန်ထမ်းတစ်ဦးကလည်း ကျွမ်းကျင်လုပ်သားတွေ စုဆောင်းနေတယ်ဆိုတာ ထပ်မံပြောခဲ့ပါတယ်။
နိုင်ငံခြားတိုင်းပြည်တို့မှ ရုရှားသို့လာရောက်ပြီး အလုပ်လုပ်ကိုင်သည့် အလုပ်သမားတွေအဖို့ လယ်ယာလုပ်ငန်းမှာ လစာ အမေရိကန် ဒေါ်လာ ၅၀၀ ခန့်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့မှာ လစာ အမေရိကန်ဒေါ်လာ ၁,၃၀၀ ခန့် ရကြတယ်လို့ သိရပါတယ်။ လစာကို ရုရှားငွေ ရူဘယ်လ်နဲ့ ပေးချေရင်တောင်မှ မြန်မာနိုင်ငံအတွင်း တစ်နေ့ကို အနိမ့်ဆုံးလစာ ၆,၈၀၀ ကျပ် ဒါမှမဟုတ် တရားဝင်ငွေလဲနှုန်းအရ တစ်လကိုလစာ ဒေါ်လာ ၄၀ ခန့်သာ ရရှိကြမှုထက် များစွာကောင်းမွန်တယ်လို့ သိရပါတယ်။
Ref- Thai Newsroom