
၅.၃.၂၀၂၅
Written by Shwe Phyo
မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးဝင်ခိုးသည့် ထိုင်းနိုင်ငံသားလေးဦးကို ဖမ်းဆီးထောင်ချပြီးနောက် မြန်မာငါးဖမ်းသင်္ဘောသားများကို ဆက်တိုက်ဖမ်းဆီးနေသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့အာဏာပိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ငါးဖမ်းသင်္ဘောတစ်စီးကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ငါးဖမ်းခြင်းများအတွက် မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များသည် ရနောင်းမြို့ရှိ Ko Chang ရေပိုင်နက်အနီးမှ ရေမိုင် ၃ ဒသမ ၂ မိုင်အကွာတွင် ရောက်ရှိနေသည့် အမည်မသိငါးဖမ်းသင်္ဘောတစ်စီးကို သံသယရှိသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါငါးဖမ်းသင်္ဘေပေါ်တွင် ပါဝင်သည့် မြန်မာနိုင်ငံသား ခြောက်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များသည် Annawar Min 999 အမည်ရှိ ငါးဖမ်းလှေကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင်ရေးသားဖော်ပြထားသည်။
မြန်မာငါးဖမ်းလှေအပေါ် တက်ရောက်စစ်ဆေးချိန်အတွင်း သင်္ဘော၏အတွင်းပိုင်းသည် ဗလာဖြစ်ပြီး၊ ငါး သို့မဟုတ် ရေခဲများအတွက် သိုလှောင်မှု မရှိသောကြောင့် သံသယများ ထပ်မံတိုးလာခဲ့သည်။ ထိုင်း ကင်းလှည့်သင်္ဘောသည် Annawar Min 999 အမည်ရှိ မြန်မာငါးဖမ်းသဘောနှင့် ငါးဖမ်းသင်္ဘောပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၆ ဦးကိုအမှုထမ်းများအား ရနောင်း ရေနက်ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်ခဲ့သည်။
သင်္ဘောကျင်းတွင် ရနောင်းဆိပ်ကမ်းလုံခြုံရေးထိန်းချုပ်ရေးဗဟိုဌာန အကြီးအကဲ အပါအဝင်ထိုင်းအာဏာပိုင်များနှင့် လုံခြုံရေးအေဂျင်စီအသီးသီးမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်လာသည့်မြန်မာငါးဖမ်းသင်္ဘောနှင့် ဝန်ထမ်းများကို အသေးစိတ်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref aseannow