
၅. ၃. ၂၀၂၅
Translated by Thettant
ရုရှားနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ အမြန်ဆုံးလာရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဒီ အင်္ဂါနေ့နှောင်းပိုင်းမှာ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်နဲ့ပတ်သက်လို့ ဖွင့်ဟ ပြောကြားလာပါတယ်။
အမေရိကန် သမ္မတထရန့်နဲ့ မအောင်မြင်တဲ့ တွေ့ဆုံမှုအပြီး ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ဆိုင်းငံ့လိုက်တဲ့နောက်မှာ ဇယ်လန်းစကီးက အရာရာကို မှန်ကန်စွာ လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ ပြောလာတာဖြစ်ပါတယ်။
“ယူကရိန်းနိုင်ငံသားတွေထက် ငြိမ်းချမ်းရေးကို ဘယ်သူကမှ ပိုလိုချင်မှာ မဟုတ်ပါဘူး” လို့ ဇယ်လန်းစကီးက ဆိုရှယ်မီဒီယာပေါ်က ရှည်လျားတဲ့ ပို့စ်တစ်ခုမှာ ထည့်သွင်း ပြောကြားခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးခိုင်းတဲ့ ထရန်နဲ့ ပတ်သက်ပြီးလည်း “ကျွန်တော်တို့အဖွဲ့ဟာ သမ္မတထရန့်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ထပ်လောင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းသမ္မတက ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ပထမအဆင့် လိုလားချက်တွေကို ပြောဆိုခဲ့ပြီး စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ ပထမအဆင့်မှာ အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဝေဟင်မှာ အပစ်အခတ်ရပ်စဲရေး၊ ဒုံးကျည်တွေ၊ တာဝေးပစ် ဒရုန်းတွေ၊ စွမ်းအင်နဲ့ တခြားအရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်တာနဲ့ ပင်လယ်ထဲမှာ အပစ်အခတ်ရပ်စဲရေး စတာတွေကို ရုရှားက အလားတူ ချက်ခြင်း လုပ်ဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့ နောက်အဆင့်တွေကို မြန်မြန်ဆန်ဆန် သဘောတူညီမှုရဖို့ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်လိုပါတယ်လို့လည်းဇယ်လန်းစကီးက ပြောခဲ့ပါတယ်။
ဒါ့အပြင် “ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ အမေရိကန်က ကူညီပေးခဲ့တာတွေကို တကယ်တန်ဖိုးထားပါတယ်။ ပြီးတော့ သမ္မတထရန့်က ယူကရိန်းကို Javelins ဒုံးပစ်လက်နက် ပေးတုန်းက ပြောင်းလဲသွားတဲ့ အခိုက်အတန့်ကို အမှတ်ရနေပါတယ်။ ဒါကို ကျေးဇူးတင်မိပါတယ်” လို့ ဇယ်လန်းစကီးက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “သောကြာနေ့က ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံအတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒီလိုမျိုး ဖြစ်သွားတာ ဝမ်းနည်းစရာ ကောင်းပါတယ်”လို့ ဇယ်လန်းစကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့သလို အနာဂတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်သွယ်မှုကို အပြုသဘောဆောင်စေလိုကြောင်းနဲ့ ယူကရိန်းဟာ အမေရိကန်နဲ့ ရေးထိုးမယ့် ရှားပါးမြေရှားသတ္တုများဆိုင်ရာ သဘောတူညီချက်တွေကိုလည်း အချိန်မရွေး အဆင်ပြေတဲ့ပုံစံနဲ့ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

“ဒီသဘောတူညီချက်ဟာ ပိုမိုကြီးမားတဲ့ လုံခြုံရေးနဲ့ ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်တွေအတွက် ခြေလှမ်းတစ်ခုအနေနဲ့ မြင်ပါတယ်၊ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် အမှန်တကယ် မျှော်လင့်ပါတယ်”လို့လည်း ဇယ်လန်းစကီးက ဖွင့်ဟခဲ့ပါတယ်။
Ref, CBS & Zelensky Post
ပုံစာ။ သမ္မတထရန့်နှင့် မအောင်မြင်ခဲ့သော ဆွေးနွေးပွဲမြင်ကွင်းနှင့် X & Fb တွင် ရေးသားမှု။