MT News
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့် – မုတ္တိမြောင် – ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရ၍ ပြည်သူများသွားလာမရဖြစ်နေသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့် – မုတ္တိမြောင် – ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရရာ ပေါက်ကွဲမှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်းပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်တံတားအား ပြည်သူများသွားလာနိုင်ရန် အစိုးရတာဝန်ယူထားသူများက ပြင်ဆင်နေပြီး ဖောက်ခွဲသူများဖမ်းဆီးရန်လည်း စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။