
၄. ၃. ၂၀၂၅
Written by Phyo Wei
NUG ဩဇာခံ မြိုင် ပသုံးလုံး PDF တွေက ရေနံတူး၊ အခွန်ကောက်၊ ပြည့်တန်ဆာခန်းနဲ့ KTV ဖွင့် ငွေရှာနေတာ၊ ဒီပြည့်တန်ဆာတွေနဲ့ KIA နဲ့ NUG ခေါင်းဆောင်တွေကို ဧည့်ခံတာကို အညာဒူဘိုင်းဆောင်းပါးနဲ့ ဖော်ထုတ်ခံရအပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခံနေရတာကြောင့် မြိုင်ပကဖက လေ ကြောင်းသတင်းပေးမှု စိစစ်ကြပ်မတ်ထိန်းသိမ်းရေးအတွက် ပြည်သူတွေ အင်တာနက်မသုံးဖို့၊ ရေနံတွင်းသစ်တွေ တူးခွင့်မပြုဘဲ ရေနံလုပ်သားတွေ သတင်းပို့ဖို့အပြင် အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတူးဖို့ အမိန့်ပေးလာတဲ့ဖြစ်စဉ်တွေကို ဒီတစ်ပတ်မှာ မြင်ခဲ့ရသလို ကျားဖြန့်စခန်းတွေက ကယ်ထုတ်လာတဲ့ ပြည်ပနိုင်ငံသား ၇၀၀၀ ကျော်အတွက် နေ့စဥ်စားစရိတ် ထိုင်းဘတ် ၁ ဒသမ ၆ သန်းအကုန်အကျခံနေရမှု မတတ်နိုင်တော့လို့ နိုင်ငံတကာက ကူညီပေးဖို့ BGF အကြီးအကဲ စောချစ်သူက တောင်းခံလာတဲ့ဖြစ်စဉ်တွေပါ မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးတွေဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ် ၂၀ ကျော် အမွေလုနေတဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)ကို ကျပ် ၃၁၅ ဘီလျံကနေ လေလံပစ်ရာက ကျပ်ဘီလျံ ၃၀၀၊ ကျပ် ၂၉၇ ဘီလျံအထိ လျှော့ချလာပေမဲ့ လေလံဆွဲသူမရှိလို့ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံကနေ ကျပ်ဘီလျံ ၂၇၀ အထိ လျှော့ချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလာတာ၊ အရင် နယ်ခြားစောင့်တပ် ဌာနချုပ်ဟောင်းနေရာကို AA က စစ်စခန်းပြုလုပ်ထားတဲ့ မောင်တော ကျီးကန်းပြင်စခန်း ဗုံးကြဲခံရလို့ AA လက်နက်ကိုင် ဆယ်နဲ့ချီသေဆုံးတာ၊ TNLA သိမ်းယူထားပြီး အခြေစိုက်ထားတဲ့ ခမရ (၅၀၁) တပ်စခန်းဟောင်းနေရာကို ဗုံးကြဲလို့ TNLA လက်နက်ကိုင်ဆယ်ချီသေဆုံးတာ၊ NLD ထောက်ခံတဲ့အမျိုးသားက ဓာတ်ဆီနဲ့ပက် မီးရှို့ခဲ့တဲ့ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေရသူ ဒေါပုံ၊ ကြည်စုရပ်ကွက်က ရာအိမ်မှူးအမျိုးသားနဲ့ အမျိုးသမီးဆယ်အိမ်မှူးတို့ ဆက်တိုက်ကွယ်လွန်သွားတဲ့ဖြစ်စဉ်တွေ၊ အကြမ်းဖက်တွေက မြန်မာ့မီးရထားလမ်းကွန်ရက်အတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနဲ့ ဘူတာအဆောက်အဦ၊ ဝန်ထမ်းနေအိမ်တွေ မီးရှို့ဖျက်ဆီးမှု စုစုပေါင်း အကြိမ် ၂၇၀ ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ KIO ဌာနချုပ် လိုင်ဇာမှာရှိတဲ့ Je Yang ဒုက္ခသည်စခန်းက ကျောင်းသူသုံးဦးနဲ့ အခြားစခန်းက ကလေးငယ်တစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေအပြင် ရုရှားသမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌက ရုရှားနိုင်ငံကို မတ်လ ၃ ရက်ကစ တစ်ပတ်ကြာသွားရောက်ပြီး နှစ်နိုင်ငံအပြန်အလှန် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေအတွက် သွားရောက်ဆွေးနွေးနေတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ကလေးခရိုင် တပ်ရင်း (၉) က PDF တပ်စိတ်မှူးဟာ လက်နက်ခဲယမ်းတွေနဲ့ တပ်မတော်ထံ အလင်းဝင်တဲ့ဖြစ်စဉ်၊ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ NLD သမ္မတဟောင်းဦးထင်ကျော်နဲ့ အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ အမေရိကန်က မြန်မာပြည်ကို ဒီမိုကရေစီအမည်ခံအောက်မှာ ပေးနေတဲ့အကူအညီတွေကို ထရန့်သက်တမ်းအတွင်းဖြတ်တောက်မှုမှာ လေးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအထိ ရှိမယ်ဆိုတဲ့ အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
အလင်းဝင် PDF တပ်စိတ်မှူး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြိုနယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စခန်းဆီ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီခန့်က ကလေးခရိုင်၊ PDF တပ်ရင်း(၉)က တပ်စိတ်မှူးအဆင့်ရှိသူ ဖိုးသင်္ကြန်(ခ) တန်ခူး က သူကိုင်ဆောင်တဲ့ Type-81 သေနတ် ၁ လက်၊ ကျည် ၁၂၅ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်ကနေ မတ်လ ၂၁ ရက်အထိ မော်လိုက်မြိုနယ်၊ အုတ်ဖိုကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၃၅၀ ခန့် အကွာနေရာရှိ ကလေးခရိုင်၊ PDF တပ်ရင်း (၉) စခန်းဟောင်းမှာ အကြမ်းဖက်သင်တန်းကို တက်ရောက်ခဲ့ပြီးနောက် အဆိုပါစခန်းဟောင်းမှာ လူနေတဲတွေဆောက်လုပ်တာ၊ ဆက်သွယ်ရေးမြောင်းတွေတူးဖော်ခြင်းနဲ့ အထွေထွေတာဝန်တွေကို ထမ်းဆောင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလခန့်မှာ ဒုတပ်စိတ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်မှာ သူအပါအဝင် အဖွဲ့ဝင် ၃ ဦးက ကလေးဝမြို့နယ်၊ ကျွဲနန်ကျေးရွာရဲ့ တောင်ဘက်ရှိ တောင်ယာတဲမှာ နေထိုင်တဲ့ PDF အင်အား ၃၀ ဦးခန့်ရှိ အဖွဲ့ထံ သွားရောက်ပူးပေါင်း နေထိုင်ခဲ့ရပြီး ချင်းတွင်းမြစ်အတွင်း တပ်မတော်ရေယာဉ်တွေ ဖြတ်သန်းသွားလာခြင်း ရှိ/မရှိကို စောင့်ကြည့်တာတွေကို လုပ်ဆောင်ခဲ့ရတာပါ။ အဲဒီကမှတစ်ဆင့် ခေါမကျေးရွာရဲ့ အနောက်မြောက်ဘက်ရှိ PDF အင်အား ၅၀ ဦးခန့် နေထိုင်တဲ့စခန်း၊ PDF အင်အား ၂၀ ဦးခန့်နေထိုင်တဲ့ ကလေးဝ-အောင်ချမ်းသာ ကားလမ်းဘေး၊ ထန်းတပင်ကာကင်းစခန်းတွေကို အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီးမှ အလင်းဝင်လာတာဖြစ်ပါတယ်။
ဒီနေရာမှာ အလင်းဝင်လာတဲ့ တပ်စိတ်မှူးဟာ PDF တွေရဲ့ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲလုယက်၊ သာမန်အမျိုးသမီးတွေအပြင် PDF အမျိုးသမီးပါမချန် ကာယိန္ဒြေဖျက်ဆီးမှုကို ဖွင့်ဟဝန်ခံသလို မျက်နှာပါဖော်ပြပြီး “ကျွန်တော်ကတော့ ကလေးခရိုင် PDF တပ်ရင်း (၉)က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ဒကစ(ကလေး) ကို အလင်းဝင်တဲ့ ဖိုးသင်္ကြန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိကတော့ ကလေးဝမြိုနယ်၊ ဇီးဆောက်ရွာဖြစ်ပါတယ်။ ရွာမှာ တောင်သူလုပ်ကိုင်နေစဉ် တပ်မတော်က နိုင်ငံတော်ကို အာဏာထိန်းလိုက်တာကို မကျေနပ်၍ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အကြမ်းဖက်အဖွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။ PDF ထဲမှာ ကျွန်တော့်ရဲ့လက်ရှိရာထူးက တပ်စိပ်မှူးရာထူးအဆင့်အထိ နှစ်နစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ PDF ထဲမှာ နေခဲ့တဲ့ကာလတစ်လျှောက်လုံး ကင်းတွေထွက်ရတယ်။ ကာကင်းတွေထွက်ရတယ်။ အဲ့ဒါတွေတော့ လုပ်ခဲ့ရပါတယ်။ ရွာထဲတွေဝင် ဆက်ကြေးဝင် ကောက်ခံတာတို စားသောက်ဖွယ်ရာများ ရှာဖွေတွေ့လျှင် ယူတာတွေ၊ လုတာတွေတော့ ရှိခဲ့ပါတယ်။ PDF ခေါင်းဆောင်တွေကတော့ ဆက်ကြေးငွေမပေးတဲ့သူတွေကို သူတိုဘယ်လိုလုပ်တယ်ဆိုတာ တချိုကိစ္စတွေမှာ ကျွန်တော်တို မသိတဲ့အရာတွေတော့ရှိတယ် ခင်ဗျ။ သူတိုဘာသာပြီးသွားတဲ့ကိစ္စမျိုးတွေတော့ လုပ်ခဲ့တာတွေရှိတယ်။ ဖမ်းပြီးတော့ နှိပ်စက်တာမျိုးတွေ ရှိခဲ့ပါတယ်ခင်ဗျ။ သူတိုက တစ်ဆင့်နဲ့တစ်ဆင့် ကြီးနိုင်ငယ်ညှင်းလုပ်နေတာတွေကများပြီး သူတိုပြောတာတခြား၊ လုပ်တာ တခြား ဒါမျိုးတွေတော့ရှိပါတယ်။ တခြားဖြစ်စဉ်ဖြစ်တဲ့ ကာမအိန္ဒြေ ဖျက်စီးတာတွေရှိခဲ့တယ်။ အဲ့ဒါမျိုးတွေလည်း ရှိခဲ့ပါတယ်ဗျ။ တချိုအမျိုးသမီးတွေဆိုရင် သူတိုဘာသာသူတို တပ်ထဲကနေ ထွက်ပြေးသွားတာတွေရှိတယ်။ အဆုံးစီရင်သွားတာမျိုးတွေရှိတယ်။ အဲ့ဒီလိုမျိုးဖြစ်စဉ်မျိုးတွေ မကြာခဏတော့ ဖြစ်ပါတယ်ခင်ဗျ။ PDF ထဲမှာတော့ စောစောကသူတိုပြောခဲ့တာကတစ်မျိုး လုပ်နေတာက တစ်မျိုးတွေ။ ပြီးရင် ကျွန်တော်တိုကိုယ်တိုင်ကလည်း လုပ်နေတာက တစ်မျိုးတွေဆိုတော့ သူတိုရဲ့ လုပ်ရပ်နဲ့ အပြောနဲ့ ဘယ်လိုမှကိုမကိုက်ညီတဲ့အတွက် ဒီဥပဒေဘောင်နဲ့ တပ်မတော်ဘက်ကို လာပြီးတော့ အလင်းဝင်ခြင်းဖြစ်ပါတယ်”လို့ ဖြောင့်ချက်ပေးခဲ့တာမြင်ရပါသေးတယ်။
အရင်တုန်းက PDF တွေ အလင်းဝင်လာပြီဆိုရင် သူတို့ကို သစ္စာဖောက်လို့ စွပ်စွဲပြီး PDF တွေ လိုက်သတ်ကြတာကြောင့် မျက်နှာဝါးပေးရ၊ ဖုံးကွယ်ဖော်ပြရတာကြောင့် PDF ၁၀၀၀ လောက် အလင်းဝင်လာတာတောင် ယုံကြည်ဟန်မပြတဲ့ လူထုကြားမှာ ဖိုးသင်္ကြန်က မျက်နှာပြတဲ့အပြင် PDF တွေရဲ့ ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ လုယက်၊ ကာမဖျက်ဆီးတာတွေပါ ထုတ်ဖော်ခဲ့တာ၊ ဖိုးသင်္ကြန်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ NUG ဩဇာခံ ကလေးခရိုင် တပ်ရင်း (၉) က ဘာတစ်ခုမှ မတုံ့ပြန်နိုင်တာကြောင့် ဖိုးသင်္ကြန်ရဲ့ အလင်းဝင်မှုဟာ ပြည်သူ့အတွက်လို့ အမည်တပ်နေတဲ့ PDF တွေရဲ့ အမှောင်ခြမ်းနဲ့ တော်လှန်ရေးလုပ်တယ်ဆိုတဲ့ လက်နက်ကိုင်အမျိုးသားတွေကြားမှာ PDF အမျိုးသမီးတွေဟာ လိင်ကျွန်သာသာဖြစ်နေတဲ့ အဖျော်ဖြေခံဆိုတာကို ပိုမြင်သာအောင် မီးမောင်းထိုးပြလိုက်သလိုပါ။
ဘင်္ဂါလီ လူမျိုးတုံးသတ်ဖြတ်မှု တရားခံစာရင်းဝင် NLD သမ္မတဟောင်းဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ NLD သမ္မတဟောင်းဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အတွက် ဝမ်းနည်းရပါတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လာပြန်ပါတယ်။ ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ တရားခံအဖြစ် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ NLD သမ္မတဟောင်းဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားခံစာရင်းက ဖြုတ်ပေးဖို့ အာဂျင်တီးနားတရားရုံးကို NUG က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ တောင်းဆိုခဲ့အပြီး NLD ဗဟိုအလုပ်ကော်မတီကပါ ဝမ်းနည်းကြောင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။ NLD ပါတီ အာဏာရအပြီး ဦးထင်ကျော်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ဒုတိယသမ္မတ နှစ်ဦးနဲ့ သမ္မတအထက်ကနေ နိုင်ငံတော်ကို ဦးဆောင်ကြတဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ဘင်္ဂါလီ ARSA အဖွဲ့က ရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်နက် တိုက်ခိုက်သတ်ဖြတ်ကြတာကြောင့် ဒီအကြမ်းဖက်ဘင်္ဂါလီတွေကို နှိမ်နင်းဖို့ အဲဒီအချိန်က အာဏာရအစိုးရဖြစ်တဲ့ NLD သမ္မတနဲ့ သမ္မတအထက်က နေမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တပ်မတော်ကိုညွှန်ကြားခဲ့တာကြောင့် UK အခြေစိုက် Burmese Rohingya Organisation UK (BROUK) က အာဂျင်တီးနားတရားရုံးကတစ်ဆင့် သူတို့နှစ်ဦးကို တရားစွဲဆိုတာ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ဒီလို ဘင်္ဂါလီလူမျိုးတုံးသတ်မှုမဲ့ တရားစွဲတာကို NUG က ကြိုဆိုပေမဲ့ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားခံစာရင်းက ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့သလို ပြည်ပထွက်ပြေးတဲ့ NLD လူဟောင်းတွေနဲ့ ဖွဲ့စည်းထားလို့ တရားမဝင်အဖွဲ့အစည်းဖြစ်နေတဲ့ NLD ဗဟိုအလုပ်ကော်မတီကလည်း အာဂျင်တီးနားတရားရုံးကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် ကော်မတီဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းက ဖယ်ရှားဖို့ကြိုးပမ်းမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ဘယ်လိုပဲ ဖယ်ရှားဖို့ ကြိုးပမ်းပါစေ ဖြစ်နိုင်ဖို့က မလွယ်လှဘဲ အဲဒီအချိန်က အစိုးရအဖွဲ့အစည်းအဝေးတွေကနေ ARSA ကို ချေမှုန်းဖို့ ညွှန်ကြားခဲ့တာ၊ တိုင်းပြည်ရဲ့ အဓိပတိဟာ သမ္မတဖြစ်ပြီး ဒီသမ္မတအထက်ကနေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာ၊ မြန်မာနိုင်ငံရဲ့ နယ်စပ်ပြဿနာကို ကမ္ဘာ့လူ့အခွင့်အရေးပြဿနာနဲ့ နိုင်ငံမဲ့တွေရဲ့ ပြဿနာအဖြစ် NLD အစိုးရဟောင်းကိုယ်တိုင် ပုံဖော်ခဲ့တာ၊ အမေရိကန်နဲ့ OIC တို့လိုအဖွဲ့တွေက ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ့်ကြား ရခိုင့်နယ်မြေကို အရှေ့တီမောလို အစ္စလာမ်နိုင်ငံတစ်ခုပေါ်ထွက်စေချင်တာ စတဲ့ အခြေအနေတွေကို ချိန်ဆနိုင်မှုမရှိခြင်းရဲ့ အကျိုးဆက်နဲ့ အစိုးရတစ်ရပ်ကို ဖြုတ်ချချင်ဇောနဲ့ ကိုယ့်လူကိုယ် ဆွဲချလိုက်မှုတွေကြောင့် အခုဆို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုံးသတ်ဖြတ်မှုတရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရတဲ့ နာမည်ပျက် အဖတ်တင်ပြီး လူရယ်စရာဖြစ်လို့ နေရတော့တာပါ။
အမေရိကန်က မြန်မာပြည်ကို ဖြတ်တောက်တဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မီဒီယာတွေအတွက် အမေရိကန် ဒေါ်လာ ၄၅ သန်းအပါအဝင် ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံကို ထောက်ပံ့မယ်လို့ ခန့်မှန်းထားတဲ့ ဒေါ်လာ ၂၅၉ သန်းကို အမေရိကန်နိုင်ငံက ဖျက်သိမ်းလိုက်တယ်လို့ Human Right Myanmar (HRM) က ထုတ်ပြန်လာပါတယ်။ ဒေါ်လာဘီလျံများစွာ မသမာမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ USAID ကို ပိတ်သိမ်းဖို့နဲ့အတူ မြန်မာနိုင်ငံဟာ ထရန့်ရဲ့ သမ္မတသက်တမ်းတစ်လျှောက်မှာ ရနိုင်စရာရှိတဲ့ အကူအညီ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် ဆုံးရှုံးနိုင်တယ်လို တွက်ချက်ထားပြီး ဒီအထဲမှာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ရည်စူးထားတဲ့ စုစုပေါင်း ဒေါ်လာ ၁၈၁ သန်းလည်း အပါအဝင်ဖြစ်တယ်လို HRM က ပြောပါတယ်။
အမေရိကန်ရဲ့ ဖြတ်တောက်မှုတွေက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု၊ အရပ်ဘက်လူမှုအဖွဲအစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုအပေါ် မှီခိုနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာမယ်လို့လည်း HRM က ဆိုပြီး အကူအညီပေးရေးစာချုပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ဖျက်သိမ်းဖို ဖေဖော်ဝါရီ ၂၇ ရက်မှာ ဆုံးဖြတ်လိုက်တဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်က မူဝါဒဆိုင်ရာ မကြုံစဖူးပြောင်းလဲမှုတစ်ခုပါ။
အမေရိကန်ရဲ့အကူအညီက မြန်မာနိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာအကူအညီစုစုပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းရှိနေသလို မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသအတွင်းမှာ USAID ရဲ့ ရန်ပုံငွေကို ထိပ်တန်းလက်ခံသူဖြစ်တယ်လို့သိရပြီး ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံး အထောက်အပံ့ရရှိမှုအဖြစ် ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၂၃၆ သန်း၊ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂၃၇ သန်း ရခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၅၉ သန်း ရရှိဖို့မျှော်မှန်းခဲ့တာပါ။ ဒီမျှော်မှန်းထားတဲ့ ၂၀၂၅ ခုနှစ် ရန်ပုံငွေထဲက ဒေါ်လာ ၁၇၂ သန်း (၇၂ ရာခိုင်နှုန်း) ကို လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးနဲ့ ပညာရေးအတွက် ခွဲဝေပေးမှာဖြစ်ပြီး နောက်ထပ်ဒေါ်လာ ၄၄ သန်း (၁၉ ရာခိုင်နှုန်း) ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မီဒီယာပရောဂျက်တွေအတွက် သုံးစွဲဖို့ လျာထားခဲ့တာပါ။ ဒါတွေက အခုအချိန်မှာ အပြီးသတ် ရပ်သွားတဲ့အပြင် ဗြိတိန်နိုင်ငံကလည်း ဖေဖော်ဝါရီ ၂၅ ရက်မှာ နိုင်ငံခြားအကူအညီ ဘတ်ဂျက်ကို ၄၀ ရာခိုင်နှုန်း လျှော့ချကြောင်း ကြေညာခဲ့လို ၂၀၂၅ ခုနှစ်အတွက် အကူအညီ ဘတ်ဂျက် ဒေါ်လာ ၅၅ သန်းအစား ဒေါ်လာ ၂၈ သန်းသာ ရရှိမှာဖြစ်ပြီး အာဏာထိန်းသိမ်းမှုနဲ့ COVID-19 ကပ်ရောဂါ မတိုင်မီက ထောက်ပံ့ပေးထားတဲ့ ဒေါ်လာ ၁၂၁ သန်းကနေ သိသိသာသာ ကျဆင်းသွားမှာလို့လည်း HRM က ဖော်ပြခဲ့ပါတယ်။
တကယ်တော့ ဒီလေးနှစ်အတွင်း ထောက်ပံ့မယ်ဆိုတဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလောက်ကို မြန်မာပြည် စစ်မီးမွှေးတဲ့ အမေရိကန်က ၂၀၂၂ ခုနှစ်ကစ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) နဲ့ ‘Burma Act of 2022’ တွေ ထည့်သွင်းပြဌာန်းပြီး ရှေ့မှာ သုံးနှစ်လောက် ပေးခဲ့ပြီးသားပါ။ ဘိုင်ဒန်ဟာ မြန်မာပြည်ရဲ့ စစ်မီးလောင်စာကို အလျံညီးညီးတောက်အောင် ဒရုန်းဆိုင်ရာနည်းပညာတွေနဲ့ Drone Guard တွေ၊ StarLink လို အင်တာနက်တွေ၊ စစ်ပညာသင်တန်းတွေကို စစ်ရေးဆိုင်ရာမဟုတ်တဲ့ အကူအညီလို့ အမည်တပ်ပြီး တစ်ဖက်လှည့်က ထောက်ပံ့ခဲ့တာပါ။ အဲဒီလို နှစ်စဉ်ဒေါ်လာသန်းရာချီကို စစ်ရေးအကူအညီမဟုတ်တဲ့ လူသားချင်းစာနာမှုအကူအညီခေါင်းစဉ်တပ် ၊ တစ်ဖက်ကလည်း Exile မီဒီယာတွေနဲ့ စစ်မီးပိုတောက်အောင် သွေးထိုးမြှောက်ပင့် ထောက်ပံ့နေတာကြောင့်လည်း NUG, PDF နဲ့ EAO တွေဟာ ပူပန်စရာမလိုဘဲ စစ်တိုက်ခဲ့ကြတာပါ။ အရင်တုန်းက အကူအညီအထောက်အပံ့ရအောင် စစ်ရှောင်ပြည်သူကို PDF စခန်းတွေဘေး နေရာချထားပြီး မျောက်ပြဆန်တောင်းခဲ့သမျှတွေက ဒီလို ထောက်ပံ့ငွေဖြတ်တောက်ခံရတဲ့ ကာလမှာတော့ ကိုယ့်အတတ်ကိုယ်စူးပြီး စစ်ဘေးရှောင်ပြည်သူ မငတ်ဖို့ အလှုခံရငွေ သုံးပေးရတော့မယ့် အခြေအနေလည်း ဖြစ်လာတာပါ။ အရင်က အမေရိကန် တစ်ဖက်လှည့်နဲ့ထောက်ပံ့တာက စစ်ရေးနည်းပညာ၊ စားဖို့နဲ့ ဆေးကုဖို့ရပြီး အလှုခံငွေကို ကြတော့ ကိုယ်ကျိုးသုံးတာနဲ့ စစ်တိုက်ဖို့သုံးရာက လက်ရှိမှာတော့ အမေရိကန်ဆီက နှစ်စဉ်သန်း ၃၀၀ လောက် ရပ်သွားရပြီဖြစ်လို့ အလှုခံရငွေကို အရင်လို ကိုယ်ကျိုးသုံးတာ၊ စစ်တိုက်ဖို့သုံးတာမျိုးအပြင် ဒုက္ခသည်ကျွေးဖို့၊ ဆေးကုဖို့ပါ မျှသုံးရတော့မှာဖြစ်လို့ အရင်လို စစ်ပွဲတွေ ဝင်နွှဲနိုင်ဖို့ မသေချာတော့တဲ့ အခြေအနေရောက်သွားမှာပါ။ တစ်ဖက်မှာ MNDAA နဲ့ အပစ်အခတ်ရပ်သလို TNLA နဲ့လည်း ညှိနှိုင်းနေပြီး KNU ကလည်း စစ်ရေးထက် ငွေရဖို့ပဲ ကြည့်နေချိန်မှာ PDF သာ စစ်မတိုက်နိုင်တော့ရင် AA တစ်ဖွဲ့ပဲ ကျန်တော့မယ့် အခြေအနေပါ။ ဒီအခြေအနေတွေဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အလုံးအရင်းနဲ့ ၁၀၂၇ တတိယလှိုင်းကို ဆင်နွှဲချင်တဲ့ လက်နက်ကိုင်တွေအဖို့ အကြမ်းဖက်စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်တော့ဘူးဆိုတာကို အတိအကျ ညွှန်ပြလာတဲ့ အခြေအနေဖြစ်ပြီး လုပ်နိုင်ဦးတော့ မီးကျိုးမောင်းပျက်ပဲဖြစ်မှာဖြစ်လို့ အမေရိကန်က သူ့နိုင်ငံယိုပေါက်ပိတ်တဲ့ ကာလမို့ NUG, PDF နဲ့ EAO တွေ အကျပ်ရိုက်ချိန်မှာ ရွေးကောက်ပွဲနဲ့ ချိန်ကိုက် အပြောင်းအလဲ ဖော်ဆောင်ထားနိုင်ရင် မြန်မာနိုင်ငံဟာ လာမယ့် ၂၀၂၇ လောက်မှာ အရင်လိုမဟုတ်တောင် နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အေးချမ်းစွာတိုးတက်လာနိုင်ပြီး အလွန်ဆုံးမှ ပြည်သူကြား ဗုံးထောင်ပြေးတဲ့ ဖြစ်စဉ်လောက်ပဲ မြင်ရနိုင်တဲ့ အခြေအနေလို့ ရှုမြင်မိကြောင်း သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။